Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
အိမ်တွင်းအောင်းရင်း လေ့လာကြမယ် နည်း(၅)သွယ်

နှစ်စဉ် မေလမှာဆိုရင် ကျောင်းသုံးပစ္စည်းတွေ၊ ကျောင်းသုံးဖတ်စာအုပ်အသစ်လေးတွေနဲ့ သားသားမီးမီးလေးတွေက မိုးရေတွေကြားကနေ ကျောင်းသွားဖို့ တက်ကြွနေတာ ပုံမှန်ပါပဲ။ ထူးထူးဆန်းဆန်း ဒီနှစ်တော့ ကလေးတွေရဲ့ရယ်သံတွေ သိသိသာသာတိတ်ဆိတ်နေခဲ့ပါတယ်။


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကို တွေ့ရှိခဲ့တာ အခုဆိုရင် တစ်လကျော်ခဲ့ပါပြီ။ ကဏ္ဍပိုင်းစုံကို ထိခိုက်မှုတွေ ပြင်းထန်ခဲ့တဲ့ ကပ်ရောဂါ ဂယက်က အနာဂတ်မှာ တိုင်းပြည်ရဲ့တာဝန်တွေကို ပုခုံးပြောင်းထမ်းဆောင်ကြမယ့် မြန်မာ့လူငယ်တွေရဲ့ ပညာရေးခရီးလမ်းကြောင်းကိုလည်း အနည်းနဲ့အများဆိုသလို ရိုက်ခတ်နေပါတယ်။


ဒီလိုပျင်းရိငြီးငွေ့စရာကောင်းတဲ့ အိမ်တွင်းအောင်းကာလမှာဆိုရင် ဖုန်းလေးသုံး၊ Netflixလေးကြည့်၊ သီချင်းလေးနားထောင်ပြီး ဖြတ်သန်းနေကြပေမယ့် U-Report Myanmar ရဲ့ ​မေးခွန်းရလဒ်တွေအရ မြန်မာနိုင်ငံတစ်ခုလုံးမှာ ရေဒီယို မရှိသူ ၅၇ ရာခိုင်နှုန်း နဲ့  TV မရှိသူ ၁၄% တို့ကို စိတ်မကောင်းစွာနဲ့တွေ့ရတယ်ဗျ။ ဒါကြောင့် ဒီလို အချိန်ပိုတွေအများကြီးရှိနေတဲ့ကာလမှာ လေ့လာဖို့အခွင့်အရေးအပြည့်အဝရထားတဲ့ လူငယ်တွေက အချိန်ကို အကျိုးရှိရှိ အသုံးပြုသင့်ပါတယ်။ U-Reporter ညီအစ်ကိုမောင်နှမတို့​ကော တစ်နေ့တစ်နေ့ အချိန်တွေကို ဘယ်လိုကုန်ဆုံးဖြစ်ပါသလဲ။


တချို့သော ပုဂ္ဂလိက တက္ကသိုလ်တွေ၊ ကိုယ်ပိုင် အထက်တန်းကျောင်းတွေနဲ့ သင်တန်းတွေက အင်တာနက်ကို အသုံးချပြီး သူတို့ရဲ့ သင်ခန်းစာတွေကို ရှေ့ဆက်သင်တာ၊ စာမေးပွဲစစ်ဆေးခြင်းတွေအထိလုပ်ဆောင်လာကြပါတယ်။ ကျွန်တော်ကတော့ ဒီရက်ပိုင်းမှာ ကျောင်းမှာသင်တဲ့ဘာသာရပ်တွေအပြင် တကယ်စိတ်ပါဝင်စားတဲ့ ဘာသာရပ်လေးတွေကို Online ကနေ လေ့လာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေ့လာတဲ့အခါမှာ ထိရောက်မှုရှိတယ်လို့ ယူဆတဲ့ အချက်လေးတွေကိုလည်း U-Reporter လူငယ်တွေကို မျှဝေချင်ပါတယ်။

 


1) နေရိပ်ကိုလိုချင်ရင် နေပူက မစောင့်ပါနဲ့။


လေ့လာချင်တာကတော့ ဟုတ်ပါပြီ။ ဘယ်ကလေ့လာလို့ရမလဲ။ မတွေ့ဘူးဆိုပြီး ရပ်ရပ်သွားတဲ့ လူငယ်တွေက အများကြီးပါ။

ဘာသာစကားလေ့လာမယ်ဆိုရင် Duolingo ဆိုတာလေးက တော်တော်လေး သုံးရတာ ရိုးရှင်းလွယ်ကူပြီး ဘာသာစကားအသစ်ဆိုတာက မခက်ခဲပါဘူးဆိုပြီး သင့်ကို လမ်းပြပေးနိုင်ပါတယ်။ Coursera နဲ့ Udemy တို့ကလည်း အရင်က ပိုက်ဆံနဲ့ပေးပြီး သင်ရတဲ့ ဘာသာရပ်တွေကို အခုဆိုရင် အခမဲ့ လေ့လာခွင့်ပေးထားတာ အများကြီးပါပဲ။ (Certificate ပါ ပေးတဲ့ တက္ကသိုလ်တွေလည်းရှိပါတယ်။) စာတွေကို Online က ဆက်သင်ပြီး စာမေးပွဲဖြေရမယ့်သူတွေလည်း Khanacademy ကို လုံးဝမေ့ထားလို့ မရပါဘူး။ အနားမှာ Guide တစ်ယောက်ခေါ်ထားသလိုအထိ နားလည်အောင်ရှင်းပြနိုင်ထားတဲ့ Video တွေတစ်ပုံကြီးရှိပါတယ်။

 


2) တိကျပြတ်သားပါစေ။

လူငယ်အများစုက ပထမခြေလှမ်းကိုလှမ်းဖို့သတ္တိရှိပါတယ်။ဒါပေမယ့် ဇွဲရှိရှိနဲ့ ဆက်လှမ်းဖို့ကတော့ တော်တော်လေးခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်သွားတာအများကြီးပါ။ Onlineကနေ လေ့လာပြီဆိုရင် ဘယ်သူမှ ကိုယ့်ကို "စာလုပ်ပါဟဲ့။ စာကြည့်ပါဟဲ့။"ဆိုပြီး တောက်ထောက်ကြည့်ပြောနေမယ့် လူတွေမရှိတော့ပါဘူး။ မိမိကိုယ်ကိုသာ အားကိုးရာဖြစ်သွားပါပြီ။ ဘယ်အချိန်မှာ ဘာလုပ်မယ် ဘာလေ့လာမယ်ဆိုတဲ့ အချိန်ဇယားတစ်ခုတော့ လူငယ်တိုင်းရှိထားသင့်ပါတယ်။ နိုင်ငံခြားမှာပညာသင်ဖို့ အိပ်မက်တွေရှိတယ်ဆိုရင် ကိုယ့်ကိုကိုယ် ထိန်း​ကျောင်းတတ်အောင် ဒီကာလမှာ အကောင်းဆုံးလေ့ကျင့်နိုင်ပါတယ်။ ဒီနေ့တော့ ခဲတံလေးတစ်ချောင်း ချွန်မယ်လို့ ဆုံးဖြတ်ထားပြီး လုပ်နိုင်ခဲ့ရင် ဘယ်လောက်ပဲသေးငယ်တဲ့အရာဆိုစေဦးတော့  ငါလုပ်နိုင်ခဲ့ပါလားဆိုတဲ့စိတ်လေးကောင့် မိမိယုံကြည်မှုတွေလည်းတိုးတက်နိုင်ပါတယ်။ ကြီးကြီးမားမားတွေနဲ့စဖို့ခက်ရင် သေးသေးလေးတွေကစကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ Google Calendar နဲ့ အချိန်ဇယားဆွဲထားပြီး Google Tasks နဲ့ တစ်နေ့လုပ်စရာရှိတာတွေကို ၅မိနစ်လောက်အချိန်ပေးပြီးရေးဖြစ်ပါတယ်။

 


3) Google ကိုကောင်းကောင်းအသုံးချတတ်ပြီလား။

 

ကိုယ့်ကကိုယ် စာတွေလုပ်ရပြီဆိုတော့ ကိုယ်နားမလည်ရင် Guide လည်းခေါ်မရသလို၊ စာသင်နေချိန် ဆရာ့ကိုမေးရတာ အခက်အခဲရှိနိုင်တဲ့ အပြင် ဘယ်သူငယ်ချင်းမှာလည်း မေးမြန်းရ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် Googleဟင်းလေးအိုးကြီးကို အသုံးချတတ်ဖို့လိုလာပါတယ်။ Google မသုံးတတ်ရင် ဒီကာလမှာ ဘယ်ပဲလုပ်လုပ် အခက်အခဲတွေနဲ့ ပြဿနာတတ်နိုင်ပါတယ်။

 


4) မျှဝေခြင်းအနုပညာ။

 

ဟိုတလောကဆိုရင် onlineပေါ်မှာ Dalgona Coffee တွေပြိုင်ဖျော်နေကြတာများ အားရစရာကြီးဗျ။ ဖျော်တတ်တဲ့သူက ကြွား၊ မဖျော်တတ်တဲ့သူက မေးနဲ့ စကားဝိုင်းကြီးတွေကိုဖြစ်လို့ပါပဲ။ မျှဝေခြင်းဆိုတာက ဖယောင်းတိုင် မီးကူးသလိုပါပဲ။ သူများကို မီးကူးပေးလိုက်လို့ အလင်းရောင် မလျော့သွားပဲ သူရောကိုယ်ပါ တောက်ပလာတဲ့ သဘောတရားလိုပဲ ကိုယ်သိတာလေးတွေကို သူငယ်ချင်းတွေကို မျှဝေတာက အပျင်းလည်းပြေနိုင်သလို သူတို့အတွက်လည်း အသိပညာတစ်ခုခုတော့ တိုးသွားမှာ အသေအချာပါပဲ။ ဒီကာလမှာလည်း COVID-19 နဲ့ပတ်သတ်တဲ့ သတင်းမှန်တွေကို သိချင်ရင် ကျွန်တော်ရဲ့ U-Report Myanmar ကို CoronaVirus လို့ ပို့လိုက်ယုံနဲ့ သိနိုင်ပါပြီ ဆိုတာကို ဒီကနေ တလက်စတည်း မျှဝေလိုက်ပါတယ်။

 


5) ကျန်းမာရေး ဂရုစိုက်ပါ။

 

ဒီအချိန်မှာ ပထမအရေးအကြီးဆုံး က ကျန်းမာရေးပါ။ဒုတိယအရေးအကြီးဆုံး က ကျန်းမာရေးပါ။ တတိယ အရေးအကြီးဆုံး က ကျန်းမာရေးပါ။ မကျန်းမာတော့ရင် ကျွန်တော်တို့ လုပ်ချင်တဲ့အရာတွေ ဘယ်လုပ်နိုင်ပါတော့မလဲ။ ဥပမာ Crush ကို စာပို့တာတို့ဘာတို့ပေါ့။ U-Reporterတွေရဲ့ ၄၇ရာခိုင်နှုန်းက COVID-19 ကြီးပြီးသွားတဲ့အချိန်မှ ကျောင်းတွေပြန်ဖွင့်စေချင်တယ်ဆိုတာက ကျွန်တော်တို့ လူငယ်တွေ ဘယ်လောက်ထိ ကျန်းမာရေးကို အလေး​ပေးကြသလဲဆိုတာကို မီးမောင်းထိုးပြထားတဲ့အတွက် သိပ်ကို ဝမ်းသာမိပါတယ်။

 

 အနှစ်ချုပ်အနေနဲ့ အခုတလော ကြားကြားနေရတဲ့ သီချင်းလေးပဲ ဆိုပြချင်ပါတယ်။ " လက်ကိုခဏခဏဆေးပါ။ လူစုလူဝေး ရှောင်ရှားပါ။ နှာစေးချောင်းဆိုးရင် အုပ်ထားပါ။ " ကျွန်တော်တို့ U-Reporter မောင်နှမတွေလည်း စာဖတ်သူတို့လည်း COVID-19 ကာလအပြီးမှာ တွေ့ဆုံချင်၊ စကားတွေ ပြောချင်ပါသေးတယ်။ ဒါကြောင့် အိမ်မှာပဲနေပြီး နေကောင်းကျန်းမာကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။


Written by Khant Zayar Paing @ Daniel

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo