Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
ကျော်ဟိန်းလို့ ဟိန်းခဲ့တဲ့ ကျော်ဌေး

ကျော်ဟိန်းလို့ ဟိန်းခဲ့တဲ့ ကျော်ဌေး

By Kaung Myat Kyaw (U-Reporter)

ခေတ်လူငယ်တော်တော်များများက ကျော်ဟိန်းဆိုတာနဲ့ တစ်ခါက လျှမ်းလျှမ်တောက်ခဲ့တဲ့ မင်းသားကြီး၊ အနုပညာရှင်ကြီး ဆိုပြီး သိကြပါတယ်။ ဒါပေမယ့် တစ်ချိန်က သည်းကြီးမည်းကြီး ဆေးသမားတစ်ယောက်ဖြစ်ခဲ့ဖူးတာတော့ သိပ်သိကြမယ်မထင်ဘူး။ ကျော်ဟိန်းဆိုတဲ့ ငနဲကြီးဖြစ်မလာခင် သူလည်း ခေတ်လူငယ်ဖြစ်ခဲ့တာပဲ။ လူငယ်တောင်မှ သာမန်မဟုတ်ဘူး။ ဘယ်သူ့အကြောမှမခံအတင်မခံတဲ့ လမ်းသရဲဗျ ထစ်ခနဲရှိ ရိုက်မယ် ချမယ်၊ ကြံတောသင်္ချိုင်းထဲမှာ ဖဲချမယ်၊ ဆေးချ၊ အရက်သောက်မယ်။ ဒါပေမယ့် ဖိုးကျော်က မာနကလည်းမသေးတော့ ဘယ်သူ့ကိုမှ ခေါင်းငုံ့မခံဘူး။ အကြောမခံဘူး။ သူများပေးတာကျွေးတာကို ဘယ်တော့မှ အလကားမယူဘူး။ ကုန်ထမ်း၊ ကားရေဆေး တစ်နည်းနည်းနဲ့ ပြန်ဆပ်တာကြီးပဲဗျ။

မင်းသားဘဝရောက်တော့လည်း တစ်နည်းထပ်ဆိုးသေးတာပဲ။ ဆေးထိုးတာ ဝါသနာမပါဘူးဆိုပြီး ဘိန်းဖြူကို စီးကရက်ထဲ ထည့်ရှိိုက်တော့တာပဲ။ ဘယ်လောက်တောင် သုံးဖူးလည်းဆိုတော့ အခန်းထဲက အိမ်မြှောင်တောင် မွှန်ပြီး စွဲတဲ့အထိတောင်ဆိုပဲ။ ခုခေတ် လူငယ်တွေ ဝေါ်ကီတို့ ဘာတို့ သုံးတာလောက်ကိုတော့ ဦးကျော်က ပျင်းတောင်ပျင်းသေးတယ်ပြောမလားပဲ။

                                                    

ဒီလို ရေရေလည်လည် ဆေးစွဲနေတဲ့ အချိန်မှာ "ငါဒီအတိုင်းကြီး သွားတော့မှာလား။ ဒီအတိုင်းကြီး ခံနေတော့မှာလား။ ဖြတ်မှဖြစ်မယ်" ဆိုတဲ့ အတွေးဝင်ပါလေရောတဲ့ ဆေးသမားတိုင်းနီးပါးလည်း ဒီလိုတွေးကောင်းတွေးနိုင်ပေမယ့် အကောင်အထည်ဖော်နိုင်ဖို့တော့ ခက်ပါလိမ့်မယ် ဦးကျော်ကတော့ နဂိုတည်းကမှ အတင်မခံ၊ အကြောမခံတဲ့သူဆိုတော့ ဘိန်းဖြူ လွှမ်းမိုးတာ၊ချုပ်ကိုင်တာကို ငါခံနေရပါလားဆိုတဲ့ အတွေးနဲ့ တိပြတ် ဖြတ်ပစ်လိုက်နိုင်ခဲ့ပါတယ်

ဖြတ်ပုံက ရှိသမျှ ဘိန်းဖြူထဲမှာ ဆေးလိပ်တစ်လိပ်စာပဲ ချန်ခဲ့ပြီး ကျန်တာအကုန် အိမ်သာထဲ သွန်ပစ်လိုက်ပြီး နောက်ဆုံးတစ်လိပ်ကို ဇိမ်ယူပြီး အားပါးတရ ရှိုက်ပစ်လိုက်တယ်။ ကောင်းနေတဲ့အချိန် ဘာမှမဖြစ်ပေမယ့် နာရီလောက်လည်းကြရော ဆေးရှိန်ပြယ်ပြီး ယင်းထလာတော့ အိမ်သာနှုတ်ခမ်းဝတွေကို ကုန်းရုန်းပြီး မရွံမရှာ လက်တို့ရှာကြည့်ရတဲ့ အဖြစ်။ အဲ့လို အိမ်သာထဲမှာ တစ်ယောက်တည်း ကုန်းကုန်းကွကွနဲ့ တိရစ္ဆာန်သာသာဖြစ်နေတဲ့ ကိုယ့်အဖြစ်ကို ပြန်မြင်ပြီး ရှက်လည်းရှက်တယ်။ နောက်ဘိန်းဖြူရဲ့ လွှမ်းမိုးမှုကို ကြောက်လည်းကြောက်တာနဲ့ အဲ့နေ့ကစပြီး လုံးဝလုံးဝ ပြန်မသုံးတော့တာပဲ။ အဲ့လို စိတ်နိုင်ပေမယ့်လည်း ခန္ဓာကတောင့်လေတော့ ဆယ်နှစ်လောက် ယင်းထတာ အလူးအလဲခံခဲ့ရပါတယ်တဲ့

ဒီလိုအတွေ့အကြုံရှိလေတော့ လူငယ်တွေ သူ့လို လမ်းမှားရောက်မှာ သူစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆရာအောင်သင်းနဲ့ အင်တာဗျူးမှာ ဦးကျော်က မူးယစ်ဆေးရဲ့ အရိပ်မည်းကြီးအောက်မှာ "ငါတော့ ရေစုံမျောပါပြီ"ဆိုပြီး ရုန်းမထွက်ဘဲ မနေနဲ့၊ ပြတ်သားလိုက်၊ ရဲရင့်လိုက်၊ မာန်မာနရှိလိုက်ဆိုပြီး လူငယ်တွေကို သတ္တိနဲ့ မာန်ပြည့်ဖို့ ပြောခဲ့တာတစ်ခု ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဦးကျော်လို ဆိုးပေကြီးကတောင် ဘိန်းဖြူပြတ်၊ ဆေးလိပ်ပြတ်၊ အရက်ပြတ်နဲ့ နောက်ဆုံးမှာ ကိလေသာ တဏှာပါ ပြတ်လို့ ရဟန်းဘောင်ဝင်သွားတဲ့ အဖြစ်ကိုကြည့်ပြီး "ဒီလို ငနဲကြီးကတောင် လုပ်နိုင်သေးရင် ငါကရော ဘာမို့လို့ မလုပ်နိုင်ရမှာလည်းကွ" ဆိုပြီး လူငယ်ဆန်ဆန် မာန်အပြည့်နဲ့ အရာရာမှာ ကြိုးစားမှသာ တော်ရာကျမယ် မဟုတ်လားဗျာကျွန်တော်ကိုယ်တိုင်လည်း ဘာမှမဟုတ်တဲ့ အချိုရည်စွဲနေတာကိုတောင် မဖြတ်နိုင်တာ အခြားသူတွေလည်း ဆေးစွဲတာပြတ်ဖို့ ခက်ခဲမှန်း နားလည်တာပေါ့။ ဒါပေမဲ့ ကျနော်တို့က လူငယ်တွေပဲလေ လုပ်နိုင်ရမှာပေါ့ ...

အကိုးအကား။    ။ ဆရာအောင်သင်း ရေးသားခဲ့သော “ကျော်ဟိန်းလို့ နာမည်ကြီးတဲ့လူတစ်ယောက်” (၂၀၁၄ ဇွန်လတွင် ပုံနှိပ်ထုတ်ဝေသော) စာအုပ်မှ ကိုးကားရေးသားထားပါသည်။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo