Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
Childhood Memories - 6

ငယ်ငယ်ကလား.....
အိမ်ကကြောင်လေးသေသွားလို့ဆိုပြီး
ခြံထဲက lychee ပင်ကြီးအောက်မှာမြေမြုပ်ပေး၊
ပြီးတော့အကိုတွေအမတွေနဲ့ လက်ချင်းချိတ်
အပင်ကို ၇ပတ်ပတ်ပြီး ငိုခဲ့ဖူးတယ်။

နောက်ပြီး အပင်ကြီးအောက်မှာမိုးကာပြာပြာကြီးခင်းပြီး
ကောင်းကင်လိုသဘောထား လေယာဉ်စီးခဲ့ဖူးတယ်။
မိုးကာပြာပြာကြီးကိုပဲ ပင်လယ်အမှတ်နဲ့
ကမ်းခြေမှာ အပန်းဖြေရတာ ဖတ်ဖတ်ကိုမောလို့...

တန်ဆောင်မုန်းရောက်ပြီဆို ချိုချဉ်တွေလိုက်တောင်းပြီး
မီးပုံးပျံတွေဘာကြောင့်ပျံတက်သွားသလဲ
ထိုင်စဉ်းစားခဲ့ဖူးတယ် နှပ်ချေးတွဲလောင်းလေးနဲ့လေ

အဲ....မုန့်စားချင်ပြီဆို အဖိုးအခန်းထဲသွား မုန့်ဖိုးတောင်း
ပြန်ထွက်လာတော့ ငါးဆယ်တန်ကလေးနဲ့
မုန့်တွေပြေးဝယ်ရတာလဲပျော်စရာပါ။
အခုတော့ ၃၀၀နဲ့တောင် မ၀ချင်တော့ဘူး....

အိမ်မှာ မီးတွေအလှဆင်ပြီဆိုရင်
ငရဲမီးလုပ်ဖို့အဆင်သင့် အုတ်ခဲ၂လုံးကိုချပြီး
အကိုတွေကမီးမွှေး ပန်းကန်ပြားထဲဖယောင်းတိုင်တွေထည့်
ဖယောင်းတိုင်တွေအရည်ပျော်ပြီဆို
ရေကိုလက်ထဲထည့် ပန်းကန်ကိုပက်ပြီး မီးတောက်တွေထွက်လာတာမြင်တော့
အားရပါးရ အော်ရယ်ခဲ့ဖူးတယ်။

အကြိုက်ဆုံးကစားနည်းဖြစ်တဲ့ စစ်တိုက်နည်းကတော့
ဒဏ်ရာအရဆုံးနည်းတစ်နည်းပေါ့။
မီးပုံနံဘေးမှာ ထိုင်ပြီး သရဲအကြောင်းတွေကို
ချမ်းစိမ့်စိမ့်နဲ့ကြောက်ဒူးတုန်အောင်နားထောင်
ဟာသတွေပြော ရယ်ခဲ့ကြတဲ့အချိန်တွေကလဲ
လွမ်းစရာအတိပြီးလို့ နေပြန်ရော...

ငယ်ငယ်ကအဆော့သန်ချက်ကတော့
မျောက်အကောင် ၁၀၀ နဲ့ပြိုင်ရင်တောင်
မျောက်သာလူစကားတတ်ရင် အဖေခေါ်မယ့်စတိုင်မျိုး
ဆိုတော့။ကြီးမေရဲ့တုတ်ချက်တွေက မျက်ရည်ထုတ်စက်
ဖြစ်ခဲ့တာမဆန်းပါဘူး။

ညီအကိုမောင်နှမတွေအများကြီးနဲ့ တပျော်တပါးကြီး
အားရစရာပေါ့။အိမ်က တူတွေတူမလေးတွေ မရနိုင်တဲ့
ထူးခြားချက်လေးပါ။

လမ်းဘေးမှာနှပ်ချေးတွဲလောင်းနဲ့ ဂွေလှိမ့်ခဲ့တဲ့အချိန်တွေကို ပြန်လွမ်းရင်းနဲ့
အပြစ်ကင်းတဲ့ဘ၀လေးကို ပြန်လိုချင်မိပေါ့ဗျာ..

Min Min
လားရှိုး

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo