Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
လျော့တွက်လို့ မရတဲ့ AI ရေစီးကြောင်း

AI ဆိုတဲ့ စကားလုံးဟာ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ အားလုံး နားထဲ ပဲ့တင်သံထပ်နေမှာ အမှန်ပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ filter တွေသုံးပြီး ပုံတင်တာတွေ၊ တခုခုဆို ChatGPT မေးရတာတွေဒါတွေဟာ အားလုံး သိကြတဲ့အတိုင်း AI ပါပဲ။ အခုနောက်ပိုင်း ဖုန်းမှာဆိုလည်း AI ပါဝင်မှုတွေ၊ Laptop တွေမှာဆိုလည်း Neural Processing Unit (NPU) ဆိုပြီးပါလာကြတာ မြင်ဖူးကြမှာပါ။ အခုလောလောဆယ်တော့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အသုံးပြုကြတာမှာ အပျော်တမ်းထက် မပိုသေးပေမယ့်  နောက်ပိုင်းမှာတော့ နေ့စဥ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတွေဖြစ်လာပြီး AI ရဲ့ အရေးပါမှုဟာ ပိုပြီးတိုးလာဖို့ပဲ ရှိပါတယ်။


AI နဲ့ တိုးတက်မှုတွေက ကောင်းလွန်းနေတော့ တဖက်မှာလည်း သူနဲ့အတူပါလာတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပြန်တယ်။ AI ကာဗာသီချင်းတွေ၊ AI နဲ့ ဖန်တီးထားတဲ့ ပုံတွေ၊ AI ရေးစာတွေ စတာတွေကြောင့် အနုပညာလောကမှာ အတိုင်းအတာ တခုထိ တုန်လှုပ်မှုတွေရှိနေတာကို တွေ့ရတယ်။ အခုဆိုရင်တောင် ကျွန်တော်တို့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုအတိုတွေကို အရင်ကထက် ပိုပြီး အသက်ဝင်လာတဲ့အပြင် မြန်မာဘာသာစကားပါ တွေ့လာရပြီဖြစ်တယ်။


Siri တို့ Alexa တို့လို လူသားအခြေပြု AI တွေသာ အခုလက်ရှိထက် ပိုကောင်းလာခဲ့မယ်ဆိုရင် Call center တွေ၊ Chat တွေကို Reply အကြောင်းပြန်တဲ့ လူတွေလိုတော့မှာ မဟုတ်ပါဘူး။ မောင်းသူမဲ့ကားတွေပိုကောင်းလာခဲ့ရင် ဒရိုင်ဘာတွေဆိုတာလည်း မလိုအပ်တော့ဘူး။ လာမယ့်နှစ်တွေမှာတင် အလုပ်အကိုင်အမျိုးမျိုးရဲ့ လုပ်သားပေါင်း ၈၅သန်းလောက်ကို AI တွေနဲ့ အစားထိုးသွားနိုင်တယ်လို့ စာတမ်းတွေမှာ တွေ့နေရပြီး အခုလက်ရှိမှာလည်း အနောက်နိုင်ငံတွေမှာ ဒီလိုအစားထိုးမှုတွေကို စတင်နေကြောင်း ကြားနေရပြီဖြစ်တယ်။


ဒီတော့ ကျွန်တော်တို့ လူငယ်တွေအတွက်ရောလို့ မေးစရာရှိလာပါပြီ။ အခုမှ အညွန့်တလူလူဖြစ်နေတဲ့ ဖူးသစ်စပန်းလေးတွေက ဉာဏ်ရည်တုတွေရဲ့ အစားထိုးတာခံရတော့မှာလားပေါ့။ အဲ့လိုတော့လည်း မဟုတ်ပြန်ပါဘူး။ အခုခေတ်မှာ လက်နှိပ်စက်နဲ့ စာရိုက်တတ်တဲ့သူဆိုရင် TikTok တို့၊ ရုပ်ရှင်တွေထဲမှာတော့ မြင်ဖူးကြမှာပါ။ ဒါပေမယ့် ဝါသနာမထုံတဲ့ သူလိုငါလိုသူတွေက ရိုက်တတ်ဖို့နေနေသာသာ အပြင်မှာ မြင်ဖူးကြမှာတောင် မဟုတ်ဘူးဗျ။ ဒါဆိုအခု ကျွန်တော်တို့  ဘာနဲ့ စာရိုက်ကြသလဲ။ အချို့က keyboard သုံးမယ်၊ အချို့က screen ပေါ်မှာရိုက်မယ်၊ အခုဆိုရင် ပါးစပ်က ပြောသမျှကို Voice Recognition အသုံးပြုပြီး စာရိုက်နိုင်ကြပြီဆိုတော့ AI နည်းပညာသာ အခုထက်တိုးတက်သွားတဲ့အခါ အတွေးနဲ့တင် စာရိုက်ကြတဲ့ အဆင့်ရောက်သွားတော့မယ်ထင်တယ်။ ဘာနဲ့ပဲရိုက်ရိုက် ဒါတွေအားလုံးဟာ နည်းပညာနဲ့ ကိရိယာတွေကို အသုံးချခြင်းပဲ။ AI ဆိုတာလည်း ကိရိယာတွေထဲက ကိရိယာ တခုပဲ။ 


ဒီတော့ "AI ကြောင့် ငါအလုပ်ရတော့မှာ မဟုတ်တော့ဘူး" ဆိုတာထက် "AI ကိုအသုံးချပြီး ငါ့အလုပ်ကို ဘယ်လိုပိုကောင်းအောင် လုပ်ရမယ်"ဆိုပြီး  ပိုမတွေးသင့်ပေဘူးလား။ ရောင်စုံ ကင်မရာတွေ ပေါ်လာတာကြောင့် ဓာတ်ပုံဆေးခြယ်တဲ့ လုပ်ငန်းတွေပျောက်သွားခဲ့ဖူးတယ်။ တစ်ဖက်မှာလည်း ဒီရောင်စုံကင်မရာတွေကြောင့် ဓာတ်ပုံပညာဟာ ပိုအသက်ဝင်ခဲ့တယ်။ နောက်ပြီး ကာလာအယူအဆတွေနဲ့ Photo Editing ဆိုတာလည်း အရေးပါတဲ့ အလုပ်ဖြစ်လာခဲ့တယ်။ 


ခေတ်၊ စနစ်နဲ့ နည်းပညာ ဆိုတာ ဘယ်‌တော့မှ ပုံသေတွက်လို့မရဘူး။ "ငါ ဒီအလုပ်မှာ အဆင်ပြေနေပါပြီ" "ဒီလောက်နဲ့တင် နေပျော်ပါပြီ" ဆိုပြီး တိုးတက်နေတဲ့ နည်းပညာ၊ ခေတ်ရေစီးကြောင်းကို အမှီမလိုက်ရင်တော့ ခေတ်ရေစီးကြောင်းအောက်မှာ မွန်းပြီးနစ်ဖို့သာရှိတော့တယ်။ အခုလို AI  နည်းပညာလေပြင်း တိုက်လာတဲ့အခါ လှိုင်းပုတ်ရာပါမသွားပဲ လေပြင်းနဲ့ အတူရွက်ချနိုင်ဖို့ ကိုယ့်ဘက်က နည်းပညာအသစ် ကျွမ်းကျင်မှုအသစ်ကို အမြဲ သင်ယူလေ့လာနေမှသာ တော်ရာကျလိမ့်မယ် မဟုတ်ပေဘူးလား။

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo