“ကိုယ့်ဘဝ၊ ပွင့်လာရ ချစ်ဦးလွှာ
ပိတောက်ကို ပမာခိုင်း
နှိုင်းချင်ရဲ့ မောင့်သက်လျာ။
တစ်သက်တွင် သည်တစ်ချစ်
တစ်ချစ်သည် တစ်ယောက်တည်း
မဖောက်လွှဲပါတဲ့ ခိုင်သစ္စာ
မေတ္တာနှစ် သင်္ကြန်ပန်း”
ကာလတစ်ခုဆီ အချိန်ခရီးရောက်တာနဲ့ တပြိုင်နက် ဆရာကြီး
တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာဟာ နှလုံးသားကို တစ်ဖန်ပြန်အရှိုက်ထိစေတယ်။ ကာလတူ အကြောင်းအရာတူ
အတူတူတွေထပ်တူကြမိပြန်တော့ နှုတ်ခမ်းဖျားကနေ စကားလုံးတို့ အစီအရီထွက်လာမိတာလဲ မဆန်းပါဘူး။
ဧပြီလကို စောင့်စားရတာ ငြီးငွေ့နိုင်စရာမရှိကြောင်း
ဘယ်လိုခိုင်းနှိုင်းရမလဲ။ ဧပြီဟာ မူးယစ်ဆေးဝါးမလိုတဲ့ ရစ်မူးစရာ လတစ်လလို့ပြောရင် အကြောင်းပြချက်ခိုင်ခိုင်လုံလုံ
ပေးရတော့မယ်ထင်တယ်။ ဧပြီလကို အားကျတဲ့စိတ်ဖြစ်မိတာက စလိုက်တာ ဘယ်လိုစိတ်မျိုးနဲ့ ဘယ်မှာဆုံးမယ်မှန်း
ကိုယ်တိုင်လဲမသိသေးပါ။ အကြောင်းအရင်းတွေတန်းစီပြီးပြောရရင် ဧပြီလထဲမှာ တန်ခူးလရှိတယ်။
တန်ခူးလရှိတော့ မြန်မာ့နှစ်သစ်ကူးအားလပ်ရက်ရှည်ရှိကြတယ်။ နှစ်သစ်ကူးနဲ့အတူ သင်္ကြန်ရေကစားပွဲတော်၊
နောက်ပြီး သင်္ကြန်ရဲ့ မိတ်ဖက် ပိတောက်ပန်း။ ဒါတွေပိုင်တဲ့ ဧပြီလကို အားကျတယ်ဆိုတာ
ဖြစ်သင့်တယ် မဟုတ်လား။
ဧပြီလမှာ ဖြူဖြူ၊ပြာပြာ၊နီနီ၊ဝါဝါပန်းတွေပွင့်ကြပါတယ်။
တချို့ပန်းတွေက ဧပြီလတင်မဟုတ် မေလ အထိပါ ဝေဝေဆာဆာရှိကြတယ်။ ဝေဒနာတွေ ဖိစီးနှိပ်ဆက်နေတဲ့ကြားမှာ
ပိတောက်ကို ပန်းဆိုတဲ့ အမည်နာမတစ်ခုထက် ပိုတဲ့ စိတ်ခံစားမှုတစ်ခုက ကယ်တင်နိုင်တယ်လို့ပြောရင်
လွန်ရာကျမ လား။ ဒါ့ကြောင့်လဲ ပိတောက်ကို ပိုင်တဲ့ တန်ခူးလ ဒါမှမဟုတ် ဧပြီလ ကို အစွဲအလမ်းကြီးကြီးထားမိတယ်။
ဒါတွေအားလုံးဟာ ပြစ်မှုမမည်တဲ့ မသိစိတ်ရဲ့ ကျူးလွန်မှုပါ။ အဲ့ဒီမသိစိတ်ရဲ့အခြားတစ်ဖက်မှာတော့
ဧပြီဟာ ဒြပ်မဲ့၊ ဧပြီလို့ပြောရင် မယ်မယ်ရရ လက်ဆုပ်လက်ကိုင်ပြစရာမရှိအကောင်အထည်မရှိ၊
ဧပြီဟာ အမည်ကင်ပွန်းတပ်ခံရတဲ့ အချိန်ကာလတစ်ခု။ ဧပြီဟာ သူ့ဟာသူ ဧပြီပဲ။ သူ့မှာ အသွေးအသားမရှိ
၊ စိတ်ခံစားချက်လဲမရှိ၊ ဒါ့ကြောင့် အားကျခံနေရတာကိုလဲ သူသိနိုင်စွမ်းမရှိ။ ဒီလိုသာမည
ဧပြီက ပိတောက်ကို ပိုင်တယ်ဆိုတာ အံ့ဖွယ်ပဲမလား။ ပိတောက်လို့ပြောလိုက်တာနဲ့ အချစ်ရဲ့
ပြယုဒ်အဖြစ် ဖော်ကျူးကြတယ်။ ပိတောက်ကတော့ အသွေးနဲ့အသားနဲ့။ ရနံ့နဲ့သစ္စာနဲ့ ပနံတင့်တယ်။
ကိုယ်ပိုင်နာမ်မရှိပေမယ့် လူတွေက သူ့ကိုယ်စား အသက်ရှင်ပေးကြတယ်။ ချစ်တတ်တဲ့သူတွေ၊ သစ္စာရှိတဲ့သူတွေ၊
နှလုံးသားနဲ့ရင်းပြီး ခံစားတတ်တဲ့သူတွေ အဲ့ဒီ သူတွေ သူတွေက ပိတောက်ရဲ့စိတ်တွေပဲ။ ပိတောက်မှာ
အခြား ဝိသေသလက္ခဏာတွေရှိသေးတယ်။ မနိုင်ဝန်မထမ်းတတ်တာလဲ
ဧပြီရဲ့ ပိတောက်ခက်တွေပဲ။ လူတွေအလိုချင်တောင့်တဆုံးအချိန်မှာ သူ အရောက်မလာနိုင်တဲ့အခါ
မကြားချင်ယောင်ဆောင်တာက သူ့ရဲ့ ယုတ္တိဗေဒဆန်မှုပဲ။ ကိုယ်ပိုင်သိစိတ်မရှိလို့ အချစ်ဆိုတာကိုလဲမသိ သစ္စာဆိုတာလဲမကြားနိုင်တဲ့ ပိတောက်ကိုပမာပြုပြီး အချစ်အကြောင်းတွေ၊ သစ္စာအကြောင်းတွေတိုင်တည်ပြီး
ရေးဖွဲ့နိုင်ကြတဲ့ လူသားတွေကြားမှာ ကိုယ်ဟာ ဘယ်ဘက်ကို ယိမ်းရမလဲ လမ်းပျောက်ရတယ်။
ပိတောက်ရဲ့ဆန်းကြယ်ပုံဟာ ဒီ့ထက်ပိုပါတယ်။ ပိတောက်လို့ပြောလိုက်ရင် အရပ်ထဲမှာ အချစ်နဲ့သစ္စာအကြောင်းပဲ ကြားရရုံနဲ့ မတင်းတိမ်နိုင်ပါဘူး။ ပိတောက်ပန်းနဲ့လူ၊ ပိတောက်ပန်းရတဲ့ မိန်းမငယ်တို့ကိုမြင်ရင် “ကံကောင်းလိုက်တာ၊ ကံကောင်းတယ်နော်” ဆိုပြီး ကံကြမ္မာနဲ့ ချီတဲ့ စကားတွေ သိပ်ပြောဖြစ်ကြတယ်။ ဧပြီရဲ့ ပိတောက်ခက်တွေဟာ ကံကိုတောင်လှုပ်ခတ်နိုင်ပြန်တယ်။ ဘာ့ကြောင့် ကံတွေပါလာတာလဲဆိုရင် ပိတောက်ဟာ သဘာဝအလျောက် သင့်တင့်လျောက်ပတ်တဲ့ စပ်နည်းလိုအပ်တာကြောင့်လို့ထင်တယ်။ ပန်းအများစုက ဘယ်ချိန်ဘယ်ခါ ပွင့်မယ်ဆိုတာ ခန့်မှန်းလို့ရတယ်၊ ပန်းတွေဝေဆာဖို့ သဘာဝဗေဒ အစပ်အဟပ်က ရိုးရှင်းတယ်။ ပိတောက်ပန်းကတော့ အဲ့ထက်ပိုတယ်။ ဒါကလဲ လူတိုင်းက လက်ခံထားကြတဲ့ အရှိတရားဖြစ်ပါတယ်။ ပိတောက်ပွင့်တွေ ပင်ယံခဖို့ဆိုရင် သင်္ကြန်မိုးလို့ခေါ်တဲ့ သဘာဝစပ်နည်းတစ်ခုလိုတယ်။ မိုးက အဓိကပါပဲ။ ပိတောက်ဘာလို့မပွင့်ကြလဲလို့ အားမလိုအားမရနဲ့ လူကြီးတွေကိုမေးရင် မိုးမရွာလို့လေ ဆိုတာပဲ ပြန်ကြားရတယ်။ ဒါ့ကြောင့် မိုးကို တခုတ်တရစောင့်စားရတာကိုက ပိတောက်ဆိုတာ သာမန်ထပ်ပိုတယ်လို့ ခံစားမှုကို ဖြစ်စေရတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ထိကို ပိတောက်ဆိုတာ သင်္ကြန်မှာ အဝေဆာဆုံးအာဟာရဖြစ်ခဲ့တယ်။ ပိတောက်ဦးကို ချစ်ရသူရဲ့ ဆံနွယ်မှာ နေရာယူနိုင်ဖို့ ကြိုးစားအားထုတ်တယ်ဆိုတာ အချစ်ရဲ့ပြယုဒ်၊ သစ္စာရှိမှုရဲ့ သင်္ကေတ ဆိုတာကို လူတိုင်းလက်ခံကြတဲ့ကဗျာဆန်မှုဖြစ်ပါတယ်။ တစ်နှစ်ကိုတစ်ကြိမ် ရာသီတစ်ခုမှာ ပန်းအမည်နဲ့တွဲပြီး သစ္စာရှိကြောင်းပြရတာဟာ အင်မတန်ကို ထူးခြားတဲ့ မေတ္တာတွေပုံပေးနည်းလို့ ခံစားမိတယ်။ အခုတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေသိသိသာသာခံစားလာရတာကြောင့် သင်္ကြန်မိုးဆိုတာလဲ စကားနဲ့ပဲ ကြားဖူးတော့သယောင်ယောင် ၊ ပုံပြင်ထဲပဲ ရှိတော့သယောင်ယောင်ဖြစ်လာတယ်။ ဒီနှစ်မှာလဲ သင်္ကြန်မိုးရွာမယ်လိုလိုနဲ့ မရွာခဲ့လို့ ပိတောက်တွေ မဝေဆာနိုင်တော့တာ နှမြောစရာ။ ဒါကလဲ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို အမှုမဲ့အမှတ်မဲ့နေခြင်းရဲ့ ပြစ်ဒဏ်ပဲလားလို့ တွေးမိပြန်တယ်။ ဒါ့ကြောင့်လေ သင်္ကြန်ရဲ့ မိတ်ဖက်၊ ဧပြီလရဲ့ တန်ဆာ ဖြစ်တဲ့ ပိတောက်တွေ အခါမှီပွင့်ဖို့ လူတွေရယ် ကြိုးစားကြရအောင်ဆိုပြီး လိုက်ပြောချင်တယ်ဆို ပိုရာကျမလား။ သင်္ကြန်နဲ့ ပိတောက်က ခွဲလို့မရကြေးဆို ဧပြီနဲ့ ကိုယ်တို့ရဲ့တွေ့ဆုံမှုကလဲ ခွဲထားလို့မရဘူးလို့ထင်ပါတယ်။ ၁၀ စုနှစ်တွေလောက် ပိတောက်တွေ မဝေတော့တာမှန်ပေမယ့် သူ့အစွမ်းရှိသလောက်တော့ ဟိုတစ်ကွက်ဒီတစ်ကြားနဲ့ ရှိနေတယ်ဆိုတာ သတင်းသဲ့သဲ့တော့ကြားရပါတယ်။ ဒီနှစ်မှာပိုလို့ဝေးသွားတယ်လို့ပြောရင် ဘယ်တုန်းကရောနီစပ်ဖူးခဲ့လို့လဲလို့ ပိတောက်တွေက မေးခွန်းထုတ်တာ ခံရလိမ့်ဦးမယ်။ ပိတောက်ရဲ့ အငွေ့အသက်တွေကြားမှာ ပျော်တာနဲ့ လွမ်းတာ စတဲ့ ခံစားမှုနှစ်မျိုး အတိအကျကိုပေးတာက ပိတောက်ရှိတဲ့ ဒီလပဲ ရှိမယ်ထင်တယ်။ အစဥ်အလိုက် ရောက်ရှိလာတဲ့ ဒီလမှာ အစီအစဥ်တွေချပြီး ကုန်ဆုံးဖို့ရည်ရွယ်ထားသူတွေကြားမှာ မနှစ်က ကိုယ်နဲ့သူရဲ့ တွေ့ဆုံမှုက အစီအစဥ်ထဲမပါခဲ့တာ သူရောကိုယ်ရော သိပါတယ်။ အစီအစဥ်အတိုင်းဖြစ်အောင် အားထုတ်နေပါရက်နဲ့ ဒီနှစ်လဲ စီစဥ်ထားသလိုဖြစ်မလာခဲ့တာကိုလဲ ပိတောက်တွေကြားအောင် ဘယ်လိုစကားပါးရမလဲ။ ဧပြီနွေမှာ ကျွံတဲ့အသည်း ဘယ်လိုရုန်းရမလဲလို့ ပိတောက်တွေကို မေးချင်မိတယ်။ လူနှစ်ယောက်ရဲ့ လိုလိုချင်ချင်ဆုံစည်းတဲ့ ရေစက်ကသာ ဘယ်လိုနွံမှာကျွံကျွံ လွတ်အောင်ရုန်းနိုင်လိမ့်မယ်လို့ သူတို့တွေ ပြန်ဖြေမယ်ထင်တယ်။ ပိတောက်နဲ့အတူ သာယာငြိမ့်ညောင်းဖွယ် တေးသီချင်းသံတွေ၊ ခေတ်အလိုက်ကူးပြောင်းလာတဲ့ ကခုန်မြူးထူးသံတွေကြားမှာ ဧပြီဟာ သက်ရှိဆန်ဆန် လှုပ်ရှားအသက်ဝင်နေပါတယ်။ အသံ၊ရနံ့နဲ့ ခံစားမှုအရပ်အရပ် ဝန်းရံနေတဲ့ကြားမှာ သူနဲ့ကိုယ်ရဲ့ စကားသံတွေမပါခဲ့တာ မနှစ်ကပိတောက်တွေ သက်သေပါပဲ။အဝေးက လှမ်းမြင်ရတဲ့ ရယ်မောတဲ့ ပုံရိပ်လေးကသာ ရာသီအစဥ်လိုက် ပြည့်စုံစေခဲ့တယ်။ ဒီနှစ်ရဲ့ ဧပြီမှာလည်း တစ်ဦးကိုတစ်ဦး ပိတောက်ကမ်းဖို့ အလှမ်းမနီးတဲ့ အကွာအဝေးတစ်ခုကြောင့် ပိတောက်တွေငိုကုန်တာ ဘယ်သူ့အပြစ်ပါလိမ့်။
လူတိုင်လူတိုင်းရဲ့ရင်ထဲမှာ ရနံ့နဲ့တွဲပြီး မှတ်မိရတဲ့ လူတစ်ဦးစီရှိကြမယ်ဆိုရင် ကိုယ့်အတွက်ကတော့ ဧပြီလဟာ အဲ့ဒီရနံ့ပဲ။ ဧပြီနွေဦးမှာဆုံခဲ့ကြတဲ့ လူသားနှစ်ဦး၊ တစ်ဦးက နွေ၊ တစ်ဦးက ဆောင်း မဆုံစည်းနိုင်တာ မဆန်းပါဘူး။ နွေရောက်နေတာတောင် ဆောင်းရာသီရဲ့အအေးဒဏ်က သူ့ရဲ့အရှိတရားကို ဖိစီးနှိပ်စက်နေသေးတယ်ဆိုတာ မျက်ဝန်းကတဆင့် ထင်ဟပ်နေတယ်။ ဧပြီနွေကစလို့ နွေရာသီရဲ့ အနွေးဓာတ်တွေ သူ့ရဲ့စိတ်နဲ့ခန္ဓာအပေါ် ဖိတ်စင်ကျစေချင်တယ်။ ပြက္ဒဒိန်ပေါ်က ရက်တွေအတိုင်း အတိအကျ၊ ရာသီသုံးခုရဲ့ အလိုအတိုင်း အမိအရ ထိန်းညှိပြီး ခံစားရစေချင်တယ်။ နွေရဲ့ ဥသြသံလေးတွေကစလို့ နွေပြီးရင် မိုး၊ မိုးရဲ့ စိုစွတ်မှု၊သစ်လွင်မှုတွေနဲ့အတူ မိုးစက်သံလေးတွေအဆုံးကြားစေချင်တယ်။ ဒါတင်ပဲမဟုတ် မိုးပြီးရင် ဆောင်းဖြစ်လို့၊ ဆောင်းရဲ့ အအေးဓာတ်တွေကြားမှာ မပျောက်ဆုံးဘဲ လှပတဲ့ နွေဦးတစ်ခုနဲ့ အမြန်ဆုံး ဆုံစည်းနိုင်ပါစေဆိုတဲ့ စာလွှာလေး ပါးချင်မိတယ်။ မေတ္တာဆိုတာ ကိုယ့်ရဲ့ တိမ်းညွှတ်ရာလေး ပျော်ရွှင်ဖို့ ဆန္ဒရှိတဲ့ စိတ်အလွှာဆိုရင် သစ္စာဆိုတာဟာ အဲ့ဒီဆန္ဒပြည့်မြောက်ဖို့ အစွမ်းကုန်အားထုတ်ရတဲ့ အလွှာအထပ်ထပ်ပဲဆိုတာ ဧပြီနွေက တိုးတိုးလေးလာပြောသွားတယ်။ နားထောင်ရသူအဖို့တော့ ဒီဘဒ္ဓကမ္ဘာမှာ ဒီ့ထက်ကျယ်လောင်တဲ့ တီးတိုးသံမရှိတော့ဘူးမို့ ပိတောက်နဲ့ဧပြီကို သစ္စာတရားတွေကြောင်း ပိုသင်ပေးစမ်းပါဦးလို့ တရစပ် ရေရွတ်နေမိတော့တယ်။