နယ်မြို့လေးတစ်မြို့ရဲ့မီးထွန်းပွဲတွေဟာ
မြို့ကြီးပြကြီးတွေမှာလို အရောင်ဖြာတောက်စည်ကားမနေပေမဲ့ အေးချမ်းစွာစည်ကားသိုက်မြိုက်နေပါတယ်။
ကမ်းခြေကျေးရွာလေးဖြစ်တော့ ပိုပြီး စိတ်နှလုံးချမ်းမြေ့ဖွယ်ပါပဲ။
ငယ်စဉ်တောင်ကျေးကလေးဘဝကဆို
သီတင်းကျွတ် တန်ဆောင်တိုင် ရောက်တော့မည်ဆိုရင် ပုံမှန်နေ့တွေထက်ပိုပျော်နေတတ်တယ်။
အဲ့ဒီနေ့တွေဆိုရင် ရွာသူ/ရွာသားများ လူကြီး/လူငယ်တွေသာမက ကလေးပါမကျန်
ဘုန်းကြီးကျောင်းမှာ မီးပုံးတွေအလှဆင်ပေးရင်းလုပ်အားပေးတတ်တဲ့ ဓလေ့ရှိကြတယ်။
အိမ်တိုင်းရဲ့ ဝရံတာမှာ
ဆီမီးတွေစီရီစွာထွန်းကြ အအလှမီးပုံးလေးတွေချိတ်စွဲထားကြသေးတယ်။
အိမ်ခြံအတွင်းမှာလည်း သဲပုံလေးတွေဘေးမှာသစ်ရွက်ကလေးတွေနဲ့အလှဆင်ပြီးဆီမီးထွန်းကြသည်။
အိမ်မှာ ဆီမီးတွေနဲ့အလှဆင်ပြီးတဲ့နောက်မှာ မောင်နှမတွေစုပြီး လူကြီးမိဘများကို
ကန်တော့ကြတယ်။ ဒီလိုပိတ်ရက်တွေဆိုသူငယ်ချင်းတွေ ဆုံဖြစ်ကြတယ်။
သူငယ်ချင်းတွေအားလုံးစုပြီး
ဆရာ/ဆရာမတွေကိုသွားကန်တော့ကြတယ်။ ရွာရဲ့လမ်းမကြီးတစ်လျှာက်မှာလဲ
အလှမီးသီးတွေနဲ့အလှဆင် ချိတ်ဆွဲထားတာ ရင်သပ်ရှုမောဖွယ်ပဲ။
ကမ်းခြေတစ်လျှောက် မှာလည်း မီးပုံပွဲကျင်းပပြီး
ဂစ်တာတီးတဲ့သူကတီး၊ လိုက်ကတဲ့သူက က၊ ပင်လယ်စာ ကင်စားနေကြသူတွေကစား နဲ့ ၊
မီးရှူးမီးပန်းတွေ ဆော့ရင်း ကောင်းကင်ကိုဖြာတက်သွားတဲ့
အလင်းရောင်အလှကိုကြည်နူးစရာပါ။ ကာရံစုံပန်းချီကားတစ်ကား ကမ်းခြေရွာမှာ
စခန်းချနေတာပေါ့။ အရင်က ဒီလိုနေ့တွေဆို ကျွန်မတို့သူငယ်ချင်းတစ်စု
အိမ်တစ်အိမ်မှာစုပြီး မုန့်လုပ်စားကြတယ်။
အရင်ကအကြောင်းအရာတွေပြန်ပြောကြပြီးရယ်မောပျော်ရွှင်နေကြတဲ့သူငယ်ချင်းတွေရဲ့
စကားခွန်းချိုတီးတိုးဆိုသံများနဲ့ ဒီမီးထွန်းပွဲတော်ပိတ်ရက်ကာလတွေဟာ
အပျိုဖြန်းလေးပမာ အစဉ်နုပျိုနေတော့မှာပါ။
ရွှန်းလဲ့နေခြည်
U-Reporter