Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
ကဗျာချစ်သူ U-Reporter တစ်ဦးရဲ့ ကဗျာတွေအကြောင်း [World Poetry Day - Youth Interview]

စကားအဖြစ် ပြောပြဖို့ နက်နဲတဲ့ အတွေးတွေ၊ ခံစားချက်တွေအတွက် ကဗျာဆိုတာ စကားလုံးတွေထက်ပိုပါတယ်။ ကဗျာတစ်ပုဒ်က စိတ်ခံစားချက်တွေကို ရုပ်သဏ္ဌန်ပေါ်လာအောင် ပုံဖော်ပေးနိုင်သလို၊ အရိုးရှင်းဆုံးစကားလုံးတွေကိုလည်း အဓိပ္ပာယ်များစွာ ပေးစွမ်းနိုင်တယ်။ ဒီနေ့ မတ်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကဗျာများနေ့မှာတော့ U-Reporter တစ်ဦးဖြစ်တဲ့၊ ကဗျာတွေကို မြတ်နိုးတဲ့ မနှင်းအိမ်ရဲ့ သူမရဲ့ ကဗျာတွေအပေါ်ထားတဲ့ ခံယူချက်နဲ့ ကဗျာတွေက သူမအတွက် ဘယ်လောက်အရေးပါလဲဆိုတဲ့အကြောင်း ပြောပြထားပါတယ်။

 

Q:  ကဗျာတွေကို သဘောကျသူ၊ ကိုယ်တိုင်လည်း ကဗျာတွေ ရေးနေသူဆိုတော့ ကဗျာတွေဆိုတာ ညီမဘဝအတွက် ဘယ်လောက် အရေးပါလဲ။

ညီမအတွက် ကဗျာတွေဆိုတာ ဘဝကို အဓိပ္ပါယ်ပိုရှိစေတယ်။ ပြီးတော့ ကဗျာတွေကလည်း ဘာသာစကားတစ်ခုဖြစ်တယ်လို့ မြင်မိလို့ပါ။ ကိုယ်ပြောချင်တဲ့စကားတွေ၊ ကိုယ်ရည်ရွယ်တဲ့ အဓိပ္ပါယ်တွေကို ရိုးရိုးရှင်းရှင်းပဲ ဖြစ်စေ၊ နက်နက်နဲနဲ ပဲဖြစ်စေ ပြောပြလို့ရတယ်၊ နားထောင်လို့ရတယ် လိုမြင်မိလို့ပါ။ စကားနဲ့ ပြောဆိုဆက်သွယ်ရင် နည်းလမ်းက တစ်ခုပဲ ရှိပြီး၊ ကဗျာတွေနဲ့ ဆက်သွယ်ပြောဆိုရရင် လျှို့ဝှက်ပေမယ့် ရိုးရှင်းတယ်လို့ ​ခံစားမိတယ်။ အစွန်းနှစ်ဘက်ကြားက အလယ်မှာ ရပ်နေဖို့ ကဗျာတွေက ကူညီပေးနေတယ်လို့ ခံစားရလို့ ကဗျာတွေကို သဘောကျတာထက်ပိုပါတယ်။

 

Q: အကြိုက်ဆုံး ကဗျာတစ်ပုဒ်ကို ပြောပါဆိုရင် ဘယ်လိုကဗျာလေးဖြစ်မလဲ။

အကြိုက်ဆုံး ကဗျာရယ်လို့ပြောရမှာထက် အကြိုက်ဆုံး ကဗျာ List လို့ပြောရမလားပဲ။ ဘာလို့ဆို အခုထိ ညီမ ဖတ်ထားသမျှထဲမှာ သဘောကျပြီဆို Favorite List ထဲထည့်လေ့ရှိတယ်ပေါ့နော်။ ဒါပေမယ့် မကြိုက်တဲ့ ကဗျာရယ်လို့ မရှိသလောက်ရှားပါတယ်။ ကဗျာဆိုတာ ဘဝကို ထင်ဟပ်စေတဲ့အရာမို့လို့ လူတစ်ယောက်ရဲ့ ဖြတ်သန်းတွေ့ကြုံရတဲ့ ဘဝအစိတ်အပိုင်းတွေကနေ ကဗျာတွေဖြစ်လာတာမို့ လက်လွတ်စပယ် မကြိုက်ဘူးလို့ မပြောရဲပါဘူး။ ဒါ့ကြောင့် ကြိုက်တယ်၊ မကြိုက်တယ်ဆိုတာ မရှိဘဲ ကိုယ်နဲ့ တိုက်ဆိုင်တယ်၊ ကိုယ့်ခံစားချက်နဲ့ ကဗျာရေးသူရဲ့ ခံစားချက်နဲ့ ကိုက်ညီတယ်လို့ပဲ ခံယူထားပါတယ်။ ဒါ့ကြောင့် မျက်စိထဲဖတ်မိသမျှ၊ နားနဲ့ကြားသမျှ ကဗျာတိုင်းကို နားလည်ဖို့ကြိုးစားပြီး အသိအမှတ်ပြုပါတယ်။ ညီမရဲ့ ကိုယ်ပိုင်ခံယူချက်ကတော့ ကဗျာဆိုတာမကြိုက်ခွင့် မရှိတဲ့အရာ၊ ရွေးချယ်ခွင့်ပဲ ရှိတဲ့ အရာလို့ ​ခံယူထားပါတယ်။ ဒါ့​ကြောင့် အကြိုက်ဆုံး ရယ် လို့ခေါင်းစဥ်တပ်ပြီး မပြောချင်တာပါ။

 

Q: အဲ့ဒါဆိုရင် Favorite List ထဲက အမှတ်အရဆုံး ကဗျာလေးရွတ်ပြဆိုရင် ဘယ်ကဗျာလေး ဖြစ်မလဲ။

“For no other reason at all”

A fake fine morning ran into me across the crops through the woven bamboo mat(as a wall)

by chance.....

When the door was opened,

at a glance, at the sky,

I encountered a plane which is too small to see clearly 

A plane flying above the crops,

I didn't wave at 'it' for no reason at all

 as I did when I was very little.......


ဘာရယ် မဟုတ်

သာယာပုံရတဲ့တစ်မနက်

စပါးနှံတွေကိုဖြတ်

​ထရံကာတွေကြား

အမှတ်တမဲ့ တိုးဝေ့လာ

ပြတင်းတံခါး အဖွင့်မှာ

ကောင်းကင်ယံကို မော့အကြည့်

လေယာဥ်တစ်စီး အစက်သာသာမြင်ရတယ်

ဂျုံနှံတွေအထက်က လေယာဥ်တစ်စီး 

ဘာရယ်မဟုတ် လက်မပြမိတော့ဘူး.....


ဒါလေးဖြစ်မယ်ထင်တယ်။ ဒါလေးက ညီမကိုယ်တိုင်ရေးထားတဲ့ ကဗျာလေးပါ။ 


ဒါလေးက ညီမရဲ့ ငယ်ဘဝလေးနဲ့ အခု လက်ရှိအချိန်နဲ့ နှစ်ခု စပ်ယှက်ပြီးရေးထားတာပါ။ ကလေးတုန်းက လေယာဥ်ပျံသံကြားရင် ကောင်းကင်ကို မော့ကြည့်တယ်၊ လေယာဥ်သံကြားရာဆီ ပြေးလိုက်တယ် ပြီးရင်ဟေး….လေယာဥ်ပျံကြီး မုန့်ဝယ်ခဲ့ပါဦးဆိုပြီး လက်ဝေ့ပြပြီး နှုတ်ဆက်ခဲ့တာလေး သတိရမိလို့ပါ။ ဆော့နေတာ၊ အစားစားနေတာကို ရပ်ပြီး လေယာဥ်သံကြားရာ ပြေးလိုက်ပြီး မုန့်တွေ ပစ်ချပေးမယ်လို့ ယုံခဲ့တာပေါ့နော်။ မချပေးတာသိလည်း အော်ပြီး နှုတ်ဆက်ရမယ့် တာဝန်တစ်ခုလိုကို ပျော်ပျော်ပါးပါးနဲ့ အုပ်စုလိုက် အော်ခဲ့ ပျော်ခဲ့ကြတာ။ အခုတော့ တာဝန်တွေ ဝတ္တရားတွေ၊ အလုပ်၊ပညာရေး စတာတွေ အာရုံစိုက်ရပြီး ကောင်းကင်ကို မော့ကြည့်ဖို့ကို မအားလပ်တော့တာကို သတိထားမိလာတယ်၊ ကိုယ့်ရည်မှန်းချက်တွေ ကြီးလာမြင့်လာတာနဲ့အမျှ အလုပ်စားပွဲ၊ စာရေးစာပွဲ၊ အဲ့တာတွေကိုပဲ ငုံ့ကြည့်အာရုံစိုက်နဲ့ ပင်ပန်းလာရတယ်။ ဒါ့ကြောင့် တစ်နေ့တော့ ဖြစ်ချင်တာတွေ ဖြစ်လာပြီး ပေါ့ပေါ့ပါးပါးနဲ့ ကောင်းကင်ကို မျှော်ကြည့်၊ အရင်လို လေယာဥ်ပျံတွေဆီကို တစ်ဖန် နှုတ်ဆက်ချင်မိတဲ့ ဆန္ဒလေး ဖြစ်မိတာကို အမှတ်တရအနေနဲ့ သိမ်းထားချင်တာရော၊ တစ်နေ့ကျ သက်သေတစ်ခုအနေနဲ့ ငါအခုတော့ ကောင်းကင်ကြီးကို မော့ကြည့်နိုင်ပြီဆိုတဲ့ သက်သေယူဖို့ပါ။ 


Q: ကိုယ်တိုင်ရေးမဟုတ်တဲ့ ကဗျာတွေထဲကဆိုရင်ရော ဘယ်ကဗျာလေး ဖြစ်မလဲ။ 

အချစ်ကဗျာထဲကတော့ ပြောချင်တယ်။ ဒါပေမယ့် အတူတူပါပဲ။ အကုန်ကြိုက်တယ်။ အချို့ကဗျာက လူအားလုံးနီးပါးနဲ့ တိုက်ဆိုင်နိုင်ပြီး အချို့ကတော့ ညီမအတွက် သီးသန့်တိုက်ဆိုင်တဲ့ ကဗျာမျိုး ရှိနိုင်ပါတယ်။ ညီမက ညီမအတွက် သီးသန့်ဖြစ်တည်တဲ့ ကဗျာမျိုးဆို ညီမအတွက် ထူးထူးခြားခြား ဖြစ်တည်မယ့်သူကိုပဲ မျှဝေချင်တာ။ အခုအများလည်း ​သဘောကျမယ်ထင်တဲ့၊ ညီမကိုယ်တိုင်လည်း သဘောကျတဲ့ အကြည်တော် ရဲ့တစ်ဘဝ…တစ်ခါဆိုတဲ့ ကဗျာလေးကို ရွေးလိုက်ပါ့မယ် ။ စကားလုံးတိုင်းကို ကြိုက်ပြီး ဘယ်အပိုင်းကိုမှ ချန်ထားခဲ့လို့မရအောင် တစ်ပုဒ်လုံးက ပြည့်စုံနေတယ်လို့ ခံစားရတယ်။


"တစ်ဘဝ ...တစ်ခါ


တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးနဲ့

မင်းကို ငါချစ်တယ် 

ဒါဟာ ဝဋ်ကြွေးတစ်ခုဆိုရင်

အဲ့ဒီ ဝဋ်ကြွေးကို ငါကျေနပ်တယ်။

 

ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ

ဘဝမှာ တစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်

မင်းရှိရာ အရပ်ကို ငါရွေးမယ်။

 

ငါ့ရဲ့ ရွေးချယ်မှု လွဲမှားခဲ့ရင်

ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်

မေတ္တာတရားက

ကျောသားရင်သား ခွဲခြားခဲ့ရင်

ငါတို့ဟာ မဆုံနိုင်တဲ့ 

မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်ခဲ့ရင်

နောင်တမရှိဘဲ ငါ ရှင်သန်နိုင်တယ်။

 

ဘဝမှာ တစ်ခါပဲ ချစ်ခွင့်ရမယ်ဆို

တစ်သက်မှာ တစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို 

ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို

မင်းကို ချစ်စိတ် 

ဘယ်အခါမှ မပြောင်းလဲပါဘူး။

 

မင်းရဲ့ အမည်နာမက

ငါ့ရဲ့ နေ့စဉ်သုံး ဘာသာစကား၊

မျှော်လင့်မထားဘဲ သတိရတတ်သွားတာ

ငါ့ရဲ့အမူအကျင့်။

 

နတ်ပြည်နဲ့ ငရဲ 

ဘယ်အရာကို ရွေးမလဲလို့ မေးရင်

မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ်

မင်းကို ချစ်တဲ့စိတ် 

ဘယ်အခါမှ မပြောင်းပါဘူး။

 

ထပ်ခါထပ်ခါ ဖတ်လေ စကားလုံးတိုင်းက ခိုင်မာလေ ဖြစ်ပြီး အချစ်ကဗျာဆိုရင် ဒီကဗျာလေးကို ချန်ထားခဲ့လို့ရမယ်မထင်ပါ။


Q: ကိုယ့်လိုပဲ ကဗျာတွေကို မြတ်နိုးတဲ့ ကဗျာချစ်သူ အခြား U-Reporter သူငယ်ချင်းတွေကိုရော တခြားပြောပြချင်တာတွေ၊ မျှဝေချင်တာတွေ ရှိပါသေးလဲ။

ကဗျာဆိုတာ တစ်ခါချစ်မိရင် အကြိမ်ကြိမ် ချစ်မိတော့မှာ၊ လူတစ်ယောက်ဆီက ကဗျာလက်ဆောင် တစ်ခါရဖူးရင် အကြိမ်ကြိမ်ရချင်တော့တဲ့ထိ စွဲလမ်းစေတာမို့ အခြားအရာတွေကို စွဲလမ်းမိမှာထက် ကဗျာကို စွဲလမ်းကြည့်ကြဖို့ တိုက်တွန်းပါတယ်လို့။ ကိုယ့်ဘေးနားက သက်ရှိ၊သက်မဲ့ အရာအားလုံးက ကဗျာဖြစ်လို့ရပြီး၊ ကိုယ်ကိုယ်တိုင်ကလည်း ကဗျာတစ်ပုဒ်ဖြစ်နိုင်တာမို့ ကဗျာတွေချစ်ရင်း ခဏလောက်ဖြစ်ဖြစ် ကဗျာတွေနဲ့ အတူတူရှိကြည့်ဖို့ ပြောချင်ပါတယ်။


ကဗျာဆိုတာ တကူးတကကြီး ခမ်းနားစရာမလိုဘဲ စစ်မှန်ဖို့ပဲ လိုတာဖြစ်ပြီး၊ ကဗျာရေးတဲ့သူရဲ့ စစ်မှန်မှုက ကိုယ်ရေးတဲ့ ကဗျာကို အလိုလို ခမ်းနားစေတာပါ။ ဒါ့ကြောင့် ကဗျာဟာ ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ်က ကဗျာ မရေးနိုင်ပါဘူးဆိုပြီး ကန့်သတ်မနေဘဲ ကဗျာတွေ ရေးရင်း ကဗျာတွေကို ဆက်ချစ်ကြရအောင် လို့ပြောချင်ပါတယ်ရှင်။ 

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo