Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
နေ့စဥ်အပြုအမူသေးသေးလေးတွေကနေအစပြုလို့ ကမ္ဘာကြီးကို ပြန်လည်စောင့်ရှောက်ကြရအောင်

အပြုအမူသေးသေးလေးတွေက လိုက်လုပ်ဖို့လွယ်ပေမယ့် တကယ်တန်းမလိုက်နာသေးသ၍ ညီမျှတဲ့အရင်းအမြစ်တွေ၊ စွမ်းအင်တွေကို ပေးနေတဲ့ ကမ္ဘာမြေကြီးမှာ လူသားတွေ ကျန်းမာစွာအသက်ရှင်နေထိုင်နိုင်ဖို့ ခက်ခဲလာနေပါပြီ။


သစ်ပင်တွေခုတ်ကြတော့ သစ်တောပြုန်းတီးမှုတွေဖြစ်လာပြီး ရာသီဥတုမမှန်ဘဲ နောက်ဆက်တွဲအနေနဲ့ သဘာဝဘေးအန္တရာယ်တွေ၊ လူလုပ်ဘေးအန္တရာယ်တွေကို လူသားတွေ အလူးအလဲခံစားကြရတယ်။ ပလတ်စတစ်တွေအသုံးများလာတဲ့အပြင် စက်ပစ္စည်းတွေ မော်တော်ယာဥ်တွေအသုံးများလာတော့ Carbon dioxide ဓာတ်ငွေ့တွေကြောင့် တစ်ကမ္ဘာလုံး လေထုညစ်ညမ်းပြီး လူသားတွေအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကြုံနေရတယ်။ ဒီလိုလေထုညစ်ညမ်းတာတွေ၊ သဘာဝဘေးအန္တရာယ်တွေကြုံတွေနေရတယ်ဆိုတာဟာ ကမ္ဘာမြေကြီးက နေမကောင်းတော့ကြောင်း အစပျိုးလက္ခာဏာပြနေတာပါ။ လူသားတွေဘာရည်မှန်းချက်အတွက်​ကြောင့်ပဲ အသက်ရှင်ရှင် ကမ္ဘာမြေကြီးသာ ယိုယွင်းပျက်စီးနေရင်ရည်မှန်းချက်တွေအောင်မြင်မှာမဟုတ်ပါဘူး။


ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လူထုက ကြိုးစားလုပ်ဆောင်နေကြပေမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ အပြုအမှုနဲ့ အလေ့အထတွေကသာ မိမိကမ္ဘာပတ်ဝန်းကျင် ကျန်းမာအောင်ထိန်းသိမ်းဖို့ ပိုထိရောက်ပါတယ်။ အမှိုက်လေးတစ်စတွေ့ စနစ်တကျစွန့်ပစ်မယ်၊ ပလတ်စတစ်အသုံးပြုတာကိုလျှော့ပြီး recycle ပြန်လုပ်လို့ရမယ့် ပစ္စည်းလေးတွေသုံးမယ်၊ စက်ပစ္စည်း မော်တော်ယာဥ်တွေကို မလိုအပ်ပဲအသုံးများတာ လျှော့မယ်၊ သစ်ပင်လေးတွေစိုက်ကြမယ်၊ ဒီလိုအပြုအမူ အလေ့အထတွေကို မိမိတို့တစ်ဦးတစ်ယောက်ချင်းစီက တာဝန်ကြီးတစ်ခုလိုမဟုတ်ဘဲ အလေ့အထတစ်ခုလို လုပ်ဆောင်ဖို့လိုပါတယ်။


လေထု မြေထု ရေထု ဒီဂေဟ စနစ်တွေဆိုတာ မျှတစွာလည်ပတ်ပြီး ကမ္ဘာမြေကြီးက လူသား၊ သက်ရှိတွေအားလုံးကိုအသက်ရှင်နေနိုင်ဖို့ ကူညီနေတာပါ။ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာသာ မိမိကမ္ဘာမြေကိုထိန်းသိမ်းဖို့ တာဝန်မရှိဘူးလို့သတ်မှတ်ထားလိုက်ရင် အနာဂတ်မှာ လူသားတွေအားလုံးရှင်သန်နေထိုင်နိုင်ဖို့အတွက် ကမ္ဘာမြေကြီးဟာ ပြန်အစားထိုးဖို့ မဖြစ်နိုင်တော့ပါဘူး။


လွယ်ကူရိုးရှင်းတဲ့ အလေ့အကျင့်နဲ့ စတင်လိုက်ခြင်းဟာ ကျွန်မတို့ကမ္ဘာမြေကြီးကျန်းမာဖို့  သက်ရှိ၊ လူသားတွေအသက်ရှင်နေထိုင်နိုင်ဖို့ မျှော်လင့်ချက်ပါ။


သူငယ်ချင်းတို့ တစ်နိုင်တစ်ပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းလို့ရမယ့် ပလတ်စတစ်လျှော့သုံးဖို့ ဘာတွေလုပ်လို့ ရနိုင်မလဲဆိုတာ မျှဝေပေးသွားပါမယ်။


Tote Bag လေးတွေသုံးမယ်

ပလတ်စတစ်အိတ်တွေနဲ့စျေးဝယ်မယ့်အစား အမြဲတမ်းအသုံးပြုလို့ရတဲ့ Tote Bagလေးတွေနဲ့ စျေးဝယ်နိုင်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်ကလူတော်တော်များများဟာ စျေးဝယ်တဲ့အခါ ဆိုင်ကပေးလိုက်တဲ့ ပလတ်စတစ်အိတ်တွေနဲ့ ပစ္စည်းတွေကိုပြန်ယူသွားလေ့ရှိပါတယ်။ ဒီလိုအစား Tote bag တွေ၊ အိမ်မှာ ရှိပြီးသား သိမ်းထားတဲ့ ပလတ်စတစ်အိတ်တွေ ပြန်သုံးရင်း စျေးသွားဝယ်မယ်ဆိုရင်တော့ ပလတ်စတစ်သုံးတာကို လျှော့ချပြီးသွားဖြစ်သွားပြီ။


ပလတ်စတစ်ကို ပြန်လည်အသုံးပြုမယ်။

မဖြစ်မနေပလတ်စတစ်သုံးစွဲရပြီဆိုပါစို့...အဲ့ပလတ်စတစ်တွေကို ပြန်လည်အသုံးပြုလို့ရနိုင်ပါတယ်။

အရင်တုန်းကတည်းက အိမ်မှာ သိမ်းထားမိတဲ့ ပလတ်စတစ်အိတ်တွေ၊ စက္ကူအိတ်တွေ မပျက်စီးသေးရင် စွန့်မပစ်ဘဲ ပြန်သုံးလို့ရပါတယ်။ အဲ့နည်းတူ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ Recycle လုပ်ပြီး အလှဆင်နိုင်၊ ပြန်သုံးနိုင်ပါတယ်။


ပလတ်စတစ်အစား အမြဲတမ်းသုံးလို့ရမယ့် product လေးတွေသုံးပါ။

ဘယ်လိုနေရာမျိုးမှာမဆို ထပ်တလဲ ပြန်အသုံးပြုလို့ရမယ့် ပစ္စည်းလေးတွေသုံးမယ်။ နေ့စဥ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ ရေသောက်တာကအစ အပြင်သွားတဲ့အခါ ပလတ်စတစ်ရေဘူးတွေ ဝယ်မသောက်ဘဲ အမြဲတမ်းအသုံးပြုလို့ရမယ့် ရေဘူးတွေ၊ ရေခွက်လေးတွေ အသုံးပြုနိုင်ပါတယ်။ ထမင်းစား၊ ရေသောက်တာ ဒီလိုရိုးရှင်းတဲ့ကိစ္စလေးတွေအစ အမြဲတမ်းသုံးလို့ရမယ့် ပစ္စည်းတွေနဲ့ စားသာက်နေထိုင်ခြင်းက ပလတ်စတစ်သုံးစွဲမှုကို လျှော့ချပေးတာပေါ့။


လိုတာထက်ပိုပြီး သုံးတာကိုလျှော့ချပါ။

စားသောက်ဆိုင်တွေမှာ မုန့်တွေ၊ အစားအသောက်တွေ မှာစားကြတဲ့အခါ  ဆိုင်ကပေးတဲ့ ဝါးတူတွေ၊ tissue တွေကို လိုတာထက်ပိုပြီးမသုံးစွဲဖို့ပါ။ ပေါများလို့သုံးတာထက် လိုအပ်သလောက်ပဲ သုံးတဲ့အလေ့အကျင့်လေးတွေက အလေအလွင့်ဖြစ်မှုကို လျှော့ချပေးပါတယ်။ အဲ့နည်းတူပါပဲ ဘယ်နေရာ ဘယ်အ​ခြေအနေမှာမဆို လိုအပ်သလောက်ပဲ သုံးစွဲတာကတော့ မိမိကမ္ဘာမြေကြီးကို အလေအလွင့်တွေ၊ အမှိုက်သရိုက်တွေ မပွစေဘဲ ထိန်းသိမ်းပြီးသားဖြစ်နေပါပြီ။


အစားအစာတွေကို ပလတ်စတစ်မသုံးဘဲ ထည့်သိုမယ်။

မိမိတို့နေအိမ်မှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်​တွေကို စျေးကဝယ်လာပြီး ရေခဲသေတ္တာထဲကို ထည့်တာကအစ ကြွပ်ကြွပ်အိတ်တွေမသုံးဘဲ ပြန်လည်အသုံးပြုလို့ရမယ့် အိတ်တွေ၊ ဖန်ပုလင်း၊ ဘူးလေး​တွေနဲ့ ထည့်သိုတာမျိုးလုပ်ပေးပါ။ ကြော်ချက်ပြီးသားအစားအသောက်တွေ၊ သိုလှောင်ရမယ့် အစားအစားတွေဆိုရင်လည်း ပလတ်စတစ်အိတ်တွေနဲ့ ထည့်တာမျိုးမဟုတ်ဘဲ ပြန်သုံးလို့ရမယ့် ခြင်းတောင်းလေးတွေ အိတ်လေးတွေ ဖန်ပုလင်းလေးတွေ၊ စတီးချိုင့်တွေနဲ့ ထည့်သိုထားမယ်ဆိုရင် ပလတ်စတစ်သုံးစွဲမှုကို အပန်းမကြီးဘဲ လျှော့ချနိုင်ပါတယ်။


ဒီလို လွယ်ကူရိုးရှင်းတဲ့ တစ်နိုင်တစ်ပိုင် အပြုအမူတွေနဲ့ plastic သုံးစွဲမှုကို လျှော့ချပြီး ကမ္ဘာပတ်ဝန်းကျင်ကိုအတူတူထိန်းသိမ်းကြမယ်နော်။ 

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo