Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
Childhood Memories - 2


အမှတ်တရဆိုတာပြန်မရနိုင်တော့တဲ့အကောင်းဆုံးနဲ့အဆိုးဆုံးအရာတစ်ခုပဲလို့ထင်တယ်။ပြန်တွေးမိတိုင်းပျော်ရတယ် ဝမ်းသာရတယ် ဝမ်းနည်းရတယ် နာကျင်ရတယ် ရှက်ပြီးတစ်ယောက်တည်းရယ်မိပြန်တယ်၊ ငိုမိပြန်တယ်။ တစ်ခါတလေတော့ ဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ ထင်ခဲ့တာတွေကဝိုးတိုးဝါးတားဖြစ်နေပေမဲ့ မေ့လိုက်ချင်ပြီ ဆိုတာတွေကတော့ ထင်ထင်ရှားရှား ပြန်မြင်ယောင်နေမိတတ်ပြန်ရော။ ငယ်ဘဝကို ပြန်လိုချင်လား ဆိုရင်တော့ လိုလည်း လိုချင်တယ် မလိုလည်း မလိုချင်ဘူးလို့ ဖြေမှာပဲ။

ဖြစ်မှမဖြစ်နိုင်တော့တာပဲလေ။ငယ်ငယ်ကတည်းကရေထဲမှာနေရတာရေဆော့ရတာကိုအရမ်းကြိုက်ခဲ့တော့ မိဘတွေနဲ့ ရန်ကုန်သွားမယ် ကစားကွင်းသွားမယ်ဆို ''Game City'' ''Game City''ဆိုပြီး ပူဆာခဲ့ရတာ ရေကူးကန်ရှိတာ အဲ့နေရာတစ်ခုပဲလို့ သိထားတာကိုး။ Yangon Zoological gardenဆိုတဲ့နာမည်ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ သိခဲ့ရတယ်။ Game City ရောက်တိုင်းလည်း ရေကူးကန်ကိုအရင်သွားမယ်ပူဆာတယ် ရေထဲဆင်းပြီးရင်လဲ ၄.... ၅..နာရီပဲ လက်တွေ ပဲကြီးတွေတွန့် ခိုက်ခိုက်တုန်နေတာတောင် အမေတို့ ပြန်မခေါ်မချင်း မတက်ဘူး ၅ပေ၆ပေသာသာလောက်ရှိတဲ့ လျှောလေးကို ခေါက်တုံ့ခေါက်ပြန် မနားတမ်းစီးတယ် ပြန်ပြေးတက်တယ် တစ်ကွင်း၃၀၀နဲ့ဘောကွင်းကို မောင်နှမသုံးယောက် လုကြသေးတယ် နောက်တော့လည်း ကိုယ်က အငယ်ဆုံးဆိုပြီး ပေးရတာပါပဲ။
ရေဆော့ရင်း ချမ်းလာရင် အမေတို့ကို ခေါက်ဆွဲပြုတ်လေးမှာထားခိုင်းတယ်ရေအေးအေးထဲက တက်လာပြီအမေခွံ့ကျွေးတဲ့ ခေါက်ဆွဲပြုတ်ပူပူလေးကို မောင်နှမသုံးယောက် လုသောက်ရတဲ့ အရသာကို အခုထိလျှောပေါ်မှာရော ရင်ထဲအသည်းထဲမှာပါ သတိရနေတုန်း။ လူကြီးကန်လို့ ကိုယ်တိုင်နာမည်ပေးထားတဲ့ ၆ ပေ အနက်ကန်ကို ဘောကွင်းနဲ့ အရဲစွန့်သွားရတာကလည်း တကယ့်ကို စွန့်စားခန်းကြီးပဲ၊ ခြေမမှီတော့တဲ့ရေပြင်ပေါ်မှာ ဘောကွင်းလေးများ ပေါက်သွားမလား ရေထဲမှာဘာကောင်တွေများရှိမလဲလို့ တွေးရတာလည်း အမော။ ရေကူးကန်ထဲဝင်ရင် ဝတ်ရတဲ့ လက်ပတ်လေးကိုလည်း အရမ်းသဘောကျတာ။ရေကူးဖို့အပိုမပါဘူး ဆိုရင်တစ်ထည်နှစ်ရာနဲ့ ဘောင်းဘီငှါးပြီး မရရအောင် ရေထဲဆင်းသေးတာ။ အမေတို့ကပြောပါတယ် လူတကာဝတ်နေတာမရွံဘူးလား သားရယ်တဲ့ တစ်ခါတလေမကူးပါနဲ့လားဆိုတာနဲ့ ထိုင်ငိုတော့တာပဲ။မိုးရွာတဲ့နေ့တွေဆိုအရမ်းစိတ်ညစ်တာ အဖေနဲ့အမေကမိုးရွာပြီဆိုစောစောပြန်တတ်တော့ game city ရောက်တဲ့နေ့ဆို မိုးရွာမှာကိုသေမလောက်ကြောက်ခဲ့တာ ရေကြာကြာမဆော့ရတော့ဘူးလေ။ ရေကူးပြီးရင်မပြီးသေးဘူး၊ ပင်လယ်ဓားပြကလဲစီးရဦးမှ၊ game city ထဲဝင်ပြီးသကြားလုံးက ကောက်ရဦးမှ။ မိုးပျံရထားကြီးကတော့ လူအော်သံတွေနဲ့ အမြဲညံနေပေမဲ့ တစ်ခါမှယောင်လို့တောင် စီးချင်စိတ်မဝင်ခဲ့ဘူး။ ကလေးတစ်ယောက်အနေနဲ့ ကြောက်သင့်တဲ့ကစားနည်းပဲ မဟုတ်လား။ တိုက်ကားစီးချင်ပေမဲ့ ကလေးငယ်သေးရင် ဘေးကလိုက်ထိန်းပေးတဲ့ ဝန်ထမ်းအစ်ကိုကြီးအစ်မကြီးတွေကို အရမ်းမုန်းတာနဲ့ မစီးဖြစ်ဘူး။ ငါတစ်ယောက်တည်းလုပ်နိုင်တယ်ကွဆိုတာမျိုးကိုကလုပ်ပြချင်တာကိုး။ ပြန်ခါနီးပြီဆိုရင် သံယောဇဉ်မပြတ်အကြွေစေ့လေးတစ်စေ့လောက်ကသိမ်းထားသေးတာ သူငယ်ချင်းတွေနဲ့တွေ့ရင် ငါ game city သွားဆော့လာတာကွ လို့ကြွားရဦးမယ်လေ။ အခုများတော့ အပျက်အစီးအယိုအယွင်းတွေနဲ့ တစ်ချိန်ကလူသူမပြတ် ပြည့်နေခဲ့တဲ့နေရာကို facebook မှာ မြင်လိုက်ရတော့ တစ်ချိန်ကအမှတ်တရတွေနဲ့အတူစိတ်မကောင်းဖြစ်ရတယ်။ မျက်ရည်တွေအလိုလိုဝဲလာမိတယ်၊ ဘယ်အရာမှမမြဲဘူးဆိုတာသိပေမဲ့ ရင်ထဲမှာရှိခဲ့တဲ့ Game city နဲ့ပက်သက်တဲ့ အမှတ်တရတွေကတော့မြဲနေတုန်းပဲထင်ပါရဲ့။ အကယ်ရွေ့များပြန်လည်မွမ်းမံလိုက်မယ်ဆိုရင်တောင်အရင်လိုခံစားချက်မျိုးရဖိုမသေချာတော့ဘူးလေ။ဖြစ်နိုင်မယ်ဆိုရင်ဒီမိသားစုနဲ့ဒီနေရာလေးကိုအပန်းဖြေဖို့ထပ်သွားချင်သေးတယ်လို့ဆိုရင် အခုလိုစိတ်ညစ်စရာတွေတစ်နေ့တစ်ခြားမရိုးရအောင်ကြုံနေတဲ့အချိန်မှာ အပူပင်ကင်းတဲ့ခလေးဘဝကိုပြန် လိုချင်တဲ့လူထဲကလူတစ်ယောက်ရဲ့မဖြစ်နိုင်တဲ့ဆန္ဒလေးပဲဖစ်မှာပါ။

အောင်ချမ်းမိုး
U-Reporter

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo