Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
Childhood Memories - 1

သီတင်းကျွတ်ပြီဆိုတာနဲ့ တန်းစီနေတဲ့ မင်္ဂလာဆောင်ဖိတ်စာများက အမြောက်အမြား။ ငယ်ငယ်ကတော့ မင်္ဂလာဆောင်ဖိတ်စာများ အိမ်ရောက်လာရင် စားရတော့မယ်ဆိုပြီး ပြုံးပြုံးပျော်ပျော်ပဲ၊ အိမ်ကလူကြီးတွေကို သွားသွားပေးတတ်တယ်။ ယခုများတော့ မိမိ ကိုယ်တိုင်ဝင်ငွေရှာရတဲ့အရွယ်ရောက်ခါမှသာ ဝင်လာမစဲ တသဲသဲ ဖြစ်နေတဲ့ မင်္ဂလာဆောင်ဖိတ်စာများကို ကြောက်ရကောင်းမှန်းသိမိလာတယ်။ ငယ်စဉ်က သီတင်းကျွတ် တန်ဆောင်တိုင် အချိန်များဟာ အလွန်ပျော်စရာပေါ့။ သီတင်းကျွတ်လပြည့်ညတိုင်း အဘွားအိမ်မှာ ဆွေမျိုးသားချင်းများစုဝေးပြီးတော့ အသက်အရွယ် ကြီးစဉ်ငယ်လိုက် ဂါရဝပြု ကန်တော့ကြတယ်။ အဲ့တုန်းက ကလေးအရွယ် ကျွန်မတို့မောင်နှမတစ်စုဟာ လမ်းထဲက အခြားကလေးတွေနဲ့အတူထုပ်ဆီးတိုးတာတို့၊ ဗြောက်အိုးဖောက်တာတို့၊ မီးပန်းလွှတ်တာတို့၊ ဥပစ်တာတို့ စသဖြင့် ဆော့ကြတယ်။ ဆယ်ကျော်သက်အရွယ် အစ်ကိုအစ်မတွေပါ ပါဝင်လာတဲ့အချိန်မှာတော့ ငရဲမီးပြုလုပ်ကြတယ်။ ငရဲမီးအဆော့ကောင်းလို့ စကပ်တွေ ဘောင်းဘီတွေ မီးစွဲတဲ့ထိ ဖြစ်ခဲ့ဖူးရဲ့။ မီးပုံးပျံတွေလည်း လွှတ်ကြသေးတယ်။ တန်ဆောင်တိုင်ရောက်တိုင်းလည်း မောင်နှမတွေစုပြီး နိဗ္ဗာန်ဈေးလျှောက်ကြတယ်။ စတုဒိသာ လိုက်စားကြတယ်။ နှစ်ကျိပ်ရှစ်ဆူဘုရားတွေ လှည့်လည်အပူဇော်ခံတဲ့ အချိန်တွေမှာလည်း အိမ်တိုင်း အိမ်တိုင်းနီးပါးက လိုက်ပါကူညီကြသူများ ကပြဖျော်ဖြေကြသူ‌ ကို အအေးများ မုန့်များဖြင့် ကြိုဆိုကြတယ်။

အခုများမှာတော့ သီတင်းကျွတ်အချိန်ကို ရောက်နေပေမယ့်လည်း လမ်းထဲက ကလေးတွေရဲ့ ဆော့ကစားသံများ ရီမောနေသံများ မကြားရ၊ ယနေ့ခေတ် ခေတ်စားနေတဲ့ ဂိမ်းအမျိုးမျိုးမှထွက်လာတဲ့ အသံများပဲ ကြားနေရတယ်။ လမ်းမတွေပေါ် ဆော့ကစားနေတဲ့ ကလေးတွေကို မတွေ့ရပဲ နီယွန်မီးသီးများ မီးကြိုးများနဲ့ အလှဆင်ထားတာကိုသာတွေ့ရတယ်။ ကောင်းကင်ပေါ်မှာ မီးပုံးပျံများမရှိသလောက် နည်းလာပြီး ထိန်ထိန်သာနေတဲ့ လပြည့်ဝန်းကြီးကို အထီးကျန်ဆန် မြင်တွေ့လာရတယ်။ တန်ဆောင်တိုင်ရောက်ရင်လည်း နိဗ္ဗာန်ဈေးတွေ သိပ်မတွေ့ရတော့၊ ဘုရားများ လှည့်လည် အပူဇော်ခံသည့် အချိန်‌တွေမှာ လည်း ဝတ်ကျေတန်းကျေ ထွက်ဖူးကြသူများပဲ ပေါလာတယ်။ ဆယ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာဟာ အရာရာကိုပြောင်းလဲစေခဲ့တယ်။ ဒါပေမဲ့ မင်္ဂလာဆောင်ဖိတ်စာတွေ ရောက်လာတာကတော့ ပြောင်းလဲမသွား။ ကထိန် အလှူခံ အကြောင်းပြပြီး နေ့ညမပြတ် သီချင်းဖွင့်နေခြင်းကလည်း ပြောင်းလဲမသွား။ အပူအပင်ကင်းပြီး ပျော်ရွှင်ခဲ့ရသည့် ငယ်စဉ်ကလေးဘဝကို ပြန်တွေးရင်း လွမ်းရင်းဖြင့်သာ ပြောင်းလဲလာသည့် နေထိုင်မှု ပုံစံများကိုပါ သတိထားမိလာရပါတယ်။

သက်သက်နှင်းစံ
U-Reporter

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo