လူငယ်တွေအနေနဲ့ TikTok တို့၊ Instagram တို့မှာ Journaling လုပ်တယ်ဆိုတာကို မြင်ဖူးကြမယ်ထင်ပါတယ်။ Journaling ကို ကိုယ်တိုင်လုပ်ဖူးကြတဲ့ လူငယ်တော်တော်များများလည်း ရှိကြမှာပါ။ ကိုယ့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ စိတ်ကူးပုံရိပ်တွေကို အမှတ်တရအနေနဲ့ ရေးသားဖန်တီးတဲ့ အလေ့အကျင့်တစ်ခုကို Journaling ရေးဖွဲ့ ဖန်တီခြင်းလို့ ခေါ်ပါတယ်။
Journaling လုပ်တာက ဘယ်နေရာတွေမှာ
အထောက်အကူပြုလဲ? ဘာအကျိုးရှိမှာလဲ?
ဘဝမှာ ကိုယ်ကျန်းမာဖို့ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ ဒီ Journaling ရေးတဲ့ အလေ့အကျင့်က စိတ်ပျော်ရွှင်ကျန်းမာဖို့ အကုန်အကျနည်းနည်းသော်လည်း အကျိုးကျေးဇူးများများပေးမယ့် နည်းလမ်းကောင်းလေး တစ်ခုဖြစ်ပါတယ်။ လူတိုင်းရဲ့ နေ့စဥ်ဘဝမှာ ပျော်ရွှင်ရတဲ့အချိန်တွေလည်း ပိုင်ဆိုင်ရသလို အခက်အခဲ အတားအဆီးတွေကြုံရပြီး အနည်းနဲ့အများ စိတ်ပင်ပန်းလာမိကြပါတယ်။ ဒါကြောင့် ဘယ်လိုစိတ်ပင်ပန်းရသည်ဖြစ်စေ အခုလို Journaling ဆိုတဲ့ ဆေးလုံးလေးကို ပုံမှန် မှီဝဲမယ်ဆို သူငယ်ချင်းတို့ရဲ့ စိတ်အဆင်မပြေမှုတွေကို သက်သာလာစေမှာပါနော်။
Journaling လုပ်ဖို့ ဘယ်လိုနည်းလမ်းတွေရှိလဲ?
Journaling ရေးတယ်ဆိုတာ စက္ကူပေါ်မှာ ရေးမှဖြစ်မှာလားဆိုတော့ မဟုတ်ပါဘူး။ ကွန်ပျူတာ၊ ဖုန်းတွေမှာလုပ်လို့ရသလို စက္ကူတွေ၊ စာအုပ်တွေမှာ ပုံတွေဆွဲ၊ ဆေးရောင်တွေခြယ်ပြီးလည်း လုပ်ယူလို့ရတာကြောင့် ဆန္ဒရှိသလို creative ဖြစ်ဖြစ် ဖန်တီးနိုင်ပါတယ်။
ဘယ်လိုအမျိုးအစားတွေရှိတာလဲ?
- 1. နေ့စဥ်မှတ်တမ်းဒိုင်ယာရီ
- ကိုယ့်ရဲ့ နေ့စဥ်ဘဝတွေအပါအဝင် အတွေ့အကြုံအသစ်တွေ၊ ကိုယ်မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေ၊ ကိုယ်မမေ့ပျောက် မှတ်ထားချင်တဲ့ စကားတွေ၊ မှတ်တမ်းအဖြစ် သိမ်းထားချင်တဲ့ အကြောင်းအရာတွေ၊ မှုန်ဝါးသွားမယ့် မှတ်ဥာဏ်တွေစတဲ့ အရာအားလုံးကို ကန့်သတ်ချက်မရှိ ချရေးလို့ရပါတယ်။ ဒီအတွက်တော့ ရိုးရိုးရှင်းရှင်းပဲ စာအုပ်ရယ်၊ ဘောပင်ရယ် ရှိရင် ဖြစ်ပါတယ်။
2. ပြန်လည်ဆင်ခြင်သုံးသပ်ဖို့ ရေးတဲ့ Journaling (Reflective Journaling)
ဘဝမှာနေထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်မိတဲ့ အခိုက်အတန့်တွေဆိုတာ ရှိပါတယ်။ အဖြေမရှာနိုင်တဲ့ ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ ခေါင်းစဥ်တပ်လို့မရတဲ့ ဖြစ်ရပ်တွေကို သူများဆီက အဖြေတောင်းရတာထက် ကိုယ်တိုင်ပဲ အဖြေရှာချင်မိတဲ့အချိန်တွေရှိပါတယ်။ ဘာကြောင့် အသက်ရှင်ဖို့ကြိုးစားမှာလဲ၊ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်က ဘာလဲ၊ ဘာအတွက်ကြောင့် ပညာသင်ရတာဖြစ်မလဲ၊ ဘာကြောင့် ငွေပိုရှာဖို့လိုအပ်တာလဲ၊ ကိုယ့်ဘဝမှာ ဘယ်အရာက အရေးကြီးတန်ဖိုးထားရဆုံးဖြစ်မလဲစတဲ့ မေးခွန်းတွေကို မေးပြီး ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေချင်တဲ့သူတွေအတွက် ဒီ Journaling ပုံစံကို စမ်းရေးကြည့်လို့ရပါတယ်။ လူတစ်ယောက်ချင်းစီကနေ မတူညီတဲ့ အဖြေတွေထွက်လာမှာမို့ စိတ်ဝင်စားစရာကောင်းပြီး ပိုမိုတည်ငြိမ်တဲ့ ဘဝနေထိုင်မှုကို ဖြစ်စေပါတယ်။ အချိန်တိုင်း ဒီအဖြေတစ်ခုပဲ ဖြစ်စရာမလိုတာမို့ တစ်ချိန်ချိန်မှာ မတူညီပြီး ပိုလေးနက်တဲ့ အဖြေတွေအတွက်လည်း အဆင်သင့်ဖြစ်စေနိုင်ပါတယ်။
3. ကမ္ဘာကြီးကို ကျေးဇူးတင်တတ်တဲ့ ရှုထောင့်ကနေ ကြည့်ပြီး အကောင်းတွေကို ဖန်တီးရယူမယ့် Journaling (Gratitude Journaling)
ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို အဓိက ထည့်ရေးရမှာဖြစ်ပြီး ကျေးဇူးတင်တတ်ခြင်းအလေ့အကျင့်ကောင်းကို အဓိက အာရုံစိုက်မယ့် နည်းလမ်းလေးတစ်ခုပါ။
အခုကာလမှာ Gratitude ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို အလေ့အကျင့်တစ်ခုနဲ့တွဲပြီး တွင်တွင်ကျယ်ကျယ်သုံးလာကြပြီပဲ ဖြစ်ပါတယ်။ ဘယ်အရာကိုမဆို ကျေးဇူးတင်ပြီး ပိုမိုကောင်းမွန်တဲ့အရာတွေဖြစ်လာတော့မှာ ဆိုတဲ့ စိတ်စွမ်းအင်တစ်ခုကို စာရေးခြင်းဖြင့် ထုံမွှမ်းလိုက်တာဖြစ်ပါတယ်။ ဒီအလေ့အကျင့်သာ ကြေညက်သွားပြီဆိုရင် ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်တွေဖြစ်စေပါတယ်။ Gratitude Journaling တစ်ပုဒ်လောက်များ ပထမဆုံးအကြိမ် ရေးကြည့်မယ်ဆိုရင်တောင် ပျော်ရွှင်တဲ့စိတ်အခံရှိရင် ပိုပျော်ရွှင်ရပြီး၊ နာကျင်ခံစားနေရတယ်ဆိုရင်လည်း သက်သာလျော့နည်းလာပါတယ်။ ကောင်းခြင်းဆိုးခြင်း ဘယ်အရာကိုမဆို ကျေးဇူးတင်ပါတယ်လို့ နှုတ်ကဖြစ်ဖြစ်၊ လက်ရေးနဲ့ ရေးချလိုက်တာပဲဖြစ်ဖြစ် ပေါ့ပါးလွတ်လပ်တဲ့ စိတ်ခံစားချက်တွေဖြစ်လာတယ်။ ပြီးရင် ပိုမိုမှန်ကန်တဲ့ လမ်းကြောင်းတွေကို ရွေးချယ်မိဖို့ လမ်းကြောင်းတွေပေါ်လာတယ်။ ဒါ့ကြောင့် လွှတ်မချနိုင်တဲ့အရာတွေကြောင့် မွန်းကြပ်ခံစားနေရရင် ဒီ Journaling ပုံစံကို စတင်လုပ်ကြည့်ဖို့ Recommend ပေးပါတယ်နော်။
4. Bullet Journaling
ကွန်ပျူတာတို့ ဖုန်းတို့မှာပါတဲ့ “•” လေးတွေကို bullet လို့ခေါ်ပါတယ်။ ဒါ့ကြောင့် ဒီ bullet icon လေးတွေကို အဓိကထားသုံးပြီး ဖန်တီးထားတဲ့ Journal လေးကိုတော့ Bullet Journaling လို့ ခေါ်ပါတယ်။ Daily plan တွေ၊ To do List တွေကို Time Management ကောင်းကောင်းနဲ့ ပြီးဆုံးချင်တဲ့အခါ ဒီအမျိုးအစားလေးသုံးပြီး ဖန်တီးနိုင်ပါတယ်။ Calendar လေးတွေ ကိုယ်တိုင်ဖန်တီးလို့ရသလို၊ အလုပ်တာဝန်တွေကို တစ်နေ့တာ Productive ဖြစ်ဖြစ် ပြီးဆုံးချင်တဲ့သူတွေက Creative ဖြစ်ဖြစ်နဲ့ အသုံးပြုလေ့ရှိပါတယ်။ ဒါ့ကြောင့် နေ့စဥ်ဘဝကို အနုပညာဆန်ဆန် တီထွင်ဖန်တီးမှုလေးတွေလုပ်ပြီး စနစ်တကျနဲ့ အချိန်ကို အလေအလွင့်မရှိ ကုန်ဆုံးချင်တဲ့သူတွေအတွက် အသင့်တော်ဆုံး ရေးနည်းလေးတစ်မျိုးပါနော်။
5. Sticker Journaling
ဒါကတော့ YouTube မှာ Reels အနေနဲ့ ခဏခဏတွေ့နေကြဖြစ်တဲ့ ဆန်းသစ်တီထွင်မှုအပြည့်ရှိတဲ့ Journaling အမျိုးအစားတစ်ခုပါ။ ဒီအတွက် အလိုအပ်ဆုံးပစ္စည်းကတော့ sticker ကို ပုံစံအမျိုးအမျိုးနဲ့ အရွယ်အစားစုံစုံလင်လင်လိုအပ်ပါတယ်။ အခြားသော အလှဆင်ပစ္စည်းအဖြစ် သုံးလို့ရမယ့် အရာ သေးသေးကြီးကြီးရှိမယ်ဆိုရင် အသုံးပြုဖန်တီးလို့လည်း ရပါတယ်။ အချို့တွေက စွန့်ပစ်ခါနီးပစ္စည်းအတိုအစလေးတွေကို စိတ်ကြိုက် ဖြတ်ညှပ်ဖန်တီးပြီး စာရွက်ပေါ်မှာ ကပ်ကြပါတယ်။ နောက်ဆုံးအနေနဲ့ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ story တွေ၊ ကဗျာတွေ အကြောင်းအရာတွေကို Sticker လေးတွေသုံး ဖြတ်ညှပ်ကပ်လုပ်ပြီး ပုံကားချပ်အဖြစ် ဖန်တီးတာကလည်း Sticker Journaling ပဲဖြစ်ပါတယ်။
ဒီလို နှစ်သက်စရာလည်းကောင်းသလို စိတ်ကြည်နူးစရာလည်းဖြစ်တဲ့ Journaling အမျိုးအစားတွေထဲမှ ကိုယ့်အတွက် လိုအပ်မယ့်၊ အဆင်ပြေမယ့် တစ်ခု ဒါမှမဟုတ် တစ်ခုထပ်ပိုပြီး ဖန်တီးရေးဖွဲ့လို့ရပါတယ်နော်။ ဒီ Sticker Journaling လေးရဲ့ ထူးခြားချက်ကတော့ ကလေးတွေ၊ တူတွေတူမတွေနဲ့ Quality Time လေးလိုချင်တယ်ဆိုရင် ဒီ Journaling လေးကို အတူတူဖန်တီးလို့ရပါတယ်။ ကလေးတွေနဲ့ရင်းနှီးမှုတည်ဆောက်ချင်တယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း healing လုပ်ချင်တဲ့သူတွေအတွက် အသင့်တော်ဆုံး နည်းလမ်းလေးဖြစ်လို့ Try ကြည့်သင့်ပါတယ်နော်။