Poll Results Stories U-Report အကြောင်း Engagement Reports Data Privacy Policy Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
ကမ်းလာမယ့် လက်တစ်စုံအား မျှော်လင့်ခြင်း - Blog Entry for Pride Month

Written by U-Reporter


"မင်း ဂေးဆိုလည်း ဘာမှ မဖြစ်ပါဘူးကွာ။ ငါ လက်ခံပါတယ်...ဒါပေမယ့် ငါ့ညီသာ ဂေး ဆိုရင်တော့ သေခန်းပျက်ပဲ...'' ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းပါ။


ဒီစကား ကြားကြားပြီးချင်း ကျွန်တော်လည်း ''ဒီကောင် တကယ်ရော LGBT ကို လက်ခံတာ ဟုတ်ရဲ့လား။ ငါ့ကိုတောင် မကောင်းတတ်လို့ ပေါင်းနေရတာများလား'’ လို့လည်း တွေးမိသွားတယ်။ နည်းနည်းလည်း အံ့သြသွားတယ်။ ကိုယ့်ရဲ့သူငယ်ချင်းက LGBTQ+ ဖြစ်နေတာတောင် ဘော်ဒါပေါင်း ပေါင်းနိုင်ပေမယ့် ကိုယ့်မိသားစုဝင်ဆိုရင်တော့ လက်မခံဘူး ဆိုတော့ စဥ်းစားစရာဖြစ်သွားတယ်။


အဲ့နောက် အသိတွေ၊ ကလေးမိဘ မိတ်ဆွေတွေနဲ့ စကားစမြည်း တီးခေါက် ပြောကြည့်​တဲ့အခါမှာလည်း ဒီလိုသဘောထားမျိုး ခဏခဏကြားရ၊ တွေ့ရတယ်။ အအံ့သြဆုံးကတော့ အဲ့ဒီလို သဘောထားမျိုးကို အခုခေတ်မှာ မဆန်းတော့တဲ့ မြောက်များစွာသော BL စီးရီးတွေ၊ ရုပ်ရှင်တွေ ကြည့်ကြိုက်အားပေးနေတဲ့ BL fan အမတစ်ယောက်ဆီကပါ ကြားရတာဖြစ်ပါတယ်။


ဒီလိုသဘောထားဟာ ဘာ့ကြောင့် ဖြစ်နိုင်ပါသလဲ။


လူအတော်များများက LGBTQ+ သူငယ်ချင်းရှိတာဟာ ကိုယ်ရေးကိုယ်တာလို့ တွေးလို့ရပေမယ့် မိသားစုဝင်တစ်ယောက်ဆိုရင်တော့ မိသားစု ဂုဏ်သိက္ခာ၊ မိသားစု အနာဂတ် ဆိုတာတွေထိ တွေးကြပါပြီ။ တချို့တွေမှာဆို လိင်တူစုံမက်တာက မိသားစုအတွက် အရှက်ရစရာကိစ္စကြီးတစ်ခုအဖြစ် တွေးနေကြဆဲ ဖြစ်ပါတယ်။ ဒါကတော့ ဖြစ်နိုင်ခြေတစ်ခုပါ။


နောက်တစ်ခုက အမြင်ပွင့်လင်းလာကြတဲ့ ခေတ်ရေစီးကြောင်းအပေါ် မူတည်ပြီး လူမှုရေးအရ LGBTQ+ ကို မလွှဲသာ မရှောင်သာ လက်ခံထားရတဲ့သူတွေ ဖြစ်နေတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ နားလည်ကိုယ်ချင်းစာလို့ လက်ခံထားကြတာ မဟုတ်တဲ့အတွက် သူတို့မိသားစုအသိုင်းအဝိုင်းထဲက တစ်မိပေါက်တစ်ယောက်ထွန်းပြီး သက်တံ့ရောင်လေးထွက်လာရင်တော့ တကယ့်စိတ်ရင်းနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ရှေးရိုးစွဲအမြင်တွေ ရှိနေသေးတဲ့အတွက် အားလုံးက ဝိုင်းပြီး ကန့်လန့်ကာ အုပ်ကြမှာပါ။


ပြီးတော့ ခံယူချက်၊ ခံစားချက်တွေ ကွဲလွဲလွန်ဆွဲနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်ကလည်း ကိုယ့်သားသမီး၊ ကိုယ့်မောင်နှမကို ချစ်တယ်၊ ဂရုစိုက်ရမယ်၊ ကာကွယ်ရမယ်ဆိုတဲ့ စိတ်၊ တစ်ဖက်မှာလည်း လူမှုအသိုင်းအဝိုင်းက ရိုက်သွင်းထားတဲ့ လိင်တူတိမ်းညွှတ်ခြင်းက မှားယွင်းတယ်၊ နှိမ့်ကျတယ်ဆိုတဲ့ အယူအဆတွေရဲ့ လွှမ်းမိုခံရတဲ့ စိတ်၊ ထိုစိတ်နှစ်ခုကြားမှာ ဝေခွဲမရလို့ ဖြစ်နေတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။


ဒီလိုနဲ့ပဲ ''အပယ်ခံ၊ အနှိမ်ခံဖြစ်မှာ စိုးလို့၊ ဆွေးမျိုးကြား မျက်နှာငယ်ရမှာစိုးလို့၊ လူ့အသိုင်းအဝိုင်းထဲ မဝင်ဆံ့စိုးလို့ နင် LGBT ဖြစ်လို့မရဘူး'' ဆိုတဲ့ မေတ္တာအယောင်ပြ မိသားစုတွင်း ခွဲခြားမှု၊ အကြမ်းဖက်နှိပ်စက်မှုတွေ စတင်ပါတယ်။ နောက်ဆုံးကျရင် ''သူတို့ကို ချစ်ပြီး တန်ဖိုးထားရလို့၊ မကောင်းတာ မဖြစ်စေချင်လို့'' ပါလို့ပဲ ဆိုကြတာပါ။ ဒါဆိုရင် သူ့ရဲ့ဖြစ်တည်မှုကို ဘယ်သူမှ အပြစ်မပြောခင် ကိုယ့်အနေနဲ့ အရင်မေးသင့်တာက ကိုယ်က သူ့ကို ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ၊ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အရောင်တွေ မပါဘဲ အရှိကိုအရှိတိုင်း တကယ်ချစ်လို့လားဆိုတာပါပဲ။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို သူ့ရဲ့ မတူကွဲပြားမှုအတွက် အခြားသူတွေနဲ့ အတူ သူ့ကို ဝိုင်းဖိနှိပ်မှာက သူ့ကို တကယ်ချစ်လို့ဆိုတာ ဟုတ်နိုင်ပါသလား။


ခွဲခြားမှုတွေ ဗလပွနဲ့မို့ သက်တံ့ရောင်တောင်ပံတွေတောင် ဝှက်ထားရတာ တွန့်ကြေနေပါပြီ။ အနီးစပ်ဆုံး၊ အယုံကြည်ရဆုံး မိသားစုဆီကနေတောင် နွေးထွေးတဲ့ လက်ခံမှုလေးမရရင် ကျနော်တို့ ဒီတောင်ပံတွေကို လူ့လောကထဲ ဖြန့်ကြက်ပျံသန်းဖို့ ဘယ်ကခွန်အားတွေ ရနိုင်ပါဦးမလဲ။ ကိုယ်ယုံကြည်ရတဲ့သူတွေကို အနီးစပ်ဆုံး မိသားစုဆီကမှမရရင် ကျွန်တော်တို့ ဘယ်သူ့ဆီမှာ မိသားစုဆိုတဲ့ မေတ္တာတွေ၊ နွေးထွေးမှုတွေကို ရှာယူကြရမလဲ။


အပြောင်းအလဲတွေဆိုတာ မိသားစုဆိုတဲ့ အဝန်းအဝိုင်းတွေကနေ စတာပါ။ သူမို့လို့၊ကိုယ်မို့လို့ မဟုတ်ဘဲ ဘယ်သူပဲ LGBTQ+ ဖြစ်နေပါစေ သူ့ရဲ့ အရှိအတိုင်း ဖြစ်တည်မှုကို လက်ခံနားလည်တယ် ဆိုတာကသာလျှင် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဖြစ်ပါလိမ့်မယ်။ တကယ်တော့လေ ကျွန်တော်တို့က ကိုယ့်ကို ကမ္ဘာကြီးက လက်ညှိုးဝိုင်းထိုးနေပါစေ၊ ခွဲခြားနေပါစေ ''ငါ့ဖြစ်တည်မှုကို လက်ခံတဲ့ ငါ့အိမ်၊ ငါ့မိသားစု ရှိတယ်'' ဆိုတဲ့ စိတ်ရော၊ ကိုယ်ပါ လုံခြုံနွေးထွေးရာ ကမ်းလာမယ့် လက်တစ်စုံကိုသာ လိုချင်တာပါ။


ကိုယ်ချစ်တဲ့သူအတွက် ပထမဦးဆုံးလက်ခံနားလည်ပေးနိုင်သူမဖြစ်နိုင်တောင်မှ ပထမဦးဆုံး ဘဝအတွက် သေရာပါစိတ်ဒဏ်ရာပေးမယ့်သူ မဖြစ်ကြဖို့ ဆန္ဒပြုရင်း...။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo