ဆိုရှယ်မီဒီယာတွေနဲ့ အွန်လိုင်းအသုံးပြုလာခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ် လုံခြုံစိတ်ချရအောင် ဘယ်လိုလုပ်လို့ရလဲ၊ ဘာတွေ သတိထားရမလဲ သိကြလား U-Reporter တို့?
Online Safety အတွက် အခြေခံသိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
#1 ကိုယ့် account တွေအတွက် ဘယ်လို password ထားရမလဲ?
ကိုယ့်မှာ ရှိသမျှ အီးမေးလ်လိပ်စာတွေ၊
ဆိုရှယ်မီဒီယာအကောင့်တွေအတွက် password တစ်ခုတည်း ထားထားတာက လုံခြုံစိတ်ချရတယ်လို့ ထင်ပါသလား?
အဖြေက ထင်ပါတယ်ဆိုရင်တော့
လုံးဝမှားသွားပါပြီ။ တကယ်တော့ မတူတဲ့ အကောင့်တွေအတွက် မတူတဲ့ password ကိုယ်စီထားပေးတာက ကိုယ့်အတွက် အွန်လိုင်းပေါ်မှာ
လုံခြုံစိတ်ချမှုရှိအောင် လုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ လူအများစုက ကိုယ်တိုင်မှတ်မိဖို့နဲ့
အလွယ်တကူ Login လုပ်နိုင်ဖို့ Password တစ်ခုတည်း ကို ထားရှိကြပြီး ခန့်မှန်းရလွယ်ကူတဲ့ Password တွေလည်း ပေးထားမိတတ်ကြပါတယ်။ ဒီလိုဆိုရင် မသမာသူတွေအနေနဲ့ အွန်လိုင်းပေါ်က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဟက်ခ်လုပ်၊ ရယူဖို့ မခက်ခဲတော့ပါဘူး။
Password တွေ ပြုလုပ်တဲ့အခါ
ကိုယ်တစ်ယောက်တည်းသာ သိနိုင်ပြီး အခြားသူတွေ အလွယ်တကူ ခန့်မှန်းမရနိုင်မယ့် စကားလုံးတွေ၊
အက္ခရာတွေ၊ နံပါတ်တွေနဲ့ Special character (#@!$%) တွေ ပါဝင်တဲ့ (ဥပမာ - MYc@t&MYd0gL0v3Tayl0RSvv!F7) တမူထူးခြားတဲ့ Password မျိုးတွေကိုသာ ထားသင့်ပါတယ်။ ကိုယ့်ရဲ့ နာမည်၊ မွေးနေ့၊
ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်စတာတွေကို ရှောင်ဖို့ လိုပါမယ်။ ပြီးတော့ မှတ်ရလွယ်တဲ့ ၁
ကနေ ၁၀ နံပါတ်ဆက်တိုက်တွေ၊ သုညချည်းပဲ ၈လုံး စတာတွေကိုပါ Password အနေနဲ့ မထားကြဖို့ လိုအပ်ပါတယ်။
#2 Account တွေ လုံခြုံစိတ်ချရအောင် ဘယ်လို ကာကွယ်ကြမလဲ?
ဆိုရှယ်မီဒီယာပလက်ဖောင်းမျိုးစုံ
ကျယ်ပြန့်စွာ အသုံးပြုလာတာနဲ့အမျှ ကိုယ့် Account
တွေကို Password တစ်ခုတည်းနဲ့သာမက Two
Factor Authentication နဲ့ပါ ပိုပြီး လုံခြုံအောင် ကာကွယ်ထားလို့ ရနိုင်ပါတယ်။
Two Factor Authentication
ဆိုတာကတော့ ကိုယ့်ရဲ့ social media account တွေ၊
ဘဏ်အကောင့်တွေနဲ့ တခြားအရေးကြီးတဲ့ အကောင့်တွေကို ပိုပြီးလုံခြုံမှုရှိအောင်၊
မသမာသူတွေက ကိုယ့်ရဲ့ Password တွေကို သိသွားခဲ့ရင်တောင်
ကာကွယ်ပေးထားနိုင်မယ့် နှစ်ဆင့်ခံလျှို့ဝှက်ကုဒ် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။
Two Factor Authentication ကို ဖုန်းနံပါတ်၊ အီးမေးလ်၊ အသုံးပြုမယ့် Device တစ်ခုခု
ဒါမှမဟုတ် Google Authenticator လိုမျိုး Third party
App တွေကို အသုံးပြုပြီး set up လုပ်ထားလို့ ရပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ PIN နဲ့ Password တွေကို သိသွားပြီး အကောင့်တွေထဲ Log in လုပ်ဖို့ ကြိုးစားခဲ့ရင်တောင်
တစ်ဖက်မှာ အလိုအလျောက် ကိုယ်အသုံးပြုနေတဲ့ Device ဒါမှမဟုတ် Two
Factor Authenticator App ဒါမှမဟုတ် အီးမေးလ်ထဲ ပေးပို့လာမယ့် Two
Factor code နဲ့ တစ်ခါသုံးလျှို့ဝှက်ကုဒ် (OTP) စတာနဲ့ အတည်ပြုတဲ့အဆင့်ကို မကျော်နိုင်ခဲ့ရင် တခြားသူအနေနဲ့ ဘာမှဆက်လုပ်လို့
မရနိုင်တော့ဘဲ ကိုယ့်အကောင့်လုံခြုံအောင် ကာကွယ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။
#3 ကိုယ့်ဆီရောက်လာသမျှကို Click နှိပ်ဝင်သင့်လား?
အကယ်၍ ကိုယ့်ဆီ မသင်္ကာစရာ
အကြောင်းအရာတွေ ဒါမှမဟုတ် Link ပါဝင်နေတဲ့ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေ ရောက်လာခဲ့ရင် သူစိမ်းဆီကပဲ ဖြစ်ဖြစ်၊
အရမ်းခင်မင်ရင်းနှီးတဲ့သူဆီကပဲ ဖြစ်ဖြစ် ချက်ချင်းမဖွင့်၊ မနှိပ်ဘဲ သေချာစူးစမ်းကြည့်ကြရအောင်။
Free Download လုပ်လို့ရတာတွေ၊ Giveaway တွေ၊ ဒါမှမဟုတ် ဆုရတယ်ဆိုတဲ့ အကြောင်းအရာ စာသားတွေနဲ့အတူ ပါလာတဲ့ Link
ကို နှိပ်လိုက်တာနဲ့ အကောင့်ဟက်ခ်ခံရတာ၊ ငွေကြေးလိမ်လည်ဆုံးရှုံးရတာတွေ
ဖြစ်နိုင်ပါတယ်။
ဒီလိုမျိုး မကြုံတွေ့ရအောင်
ကိုယ်ယုံကြည်စိတ်ချရတဲ့၊ အမြဲဝင်ရောက်ဖြစ်နေတဲ့ website များနဲ့ App များမှသာ download
ဆွဲတာကို ပြုလုပ်သင့်ပါတယ်။ ကိုယ့်ဆီရောက်လာတဲ့ အီးမေးလ်တွေဆိုရင် Virus
လား၊ အွန်လိုင်းက လိမ်လည်မှု (Scam) လား၊ နောက်ပြီး
ပို့လာတဲ့ အီးမေးလ်လိပ်စာကိုလည်း သေချာ စစ်ဆေးသင့်ပါတယ်။ Link တွေ၊ Pop-Up Notification တွေ တွေ့တိုင်း အလျင်စလို မနှိပ်ဘဲ
သေချာစဥ်းစားကြည့်ပါ။ မသင်္ကာဘူးထင်ရင် ကျော်သွားသင့်ပါတယ်။
#4 Scan ဖတ်ဖို့ တကယ်လိုလား?
အခုနောက်ပိုင်း Link တွေအပြင် QR Code တွေကနေလည်း
အွန်လိုင်းက ဟက်ခ်တာ၊ လိမ်လည်တာတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ထိပါးချိုးဖောက်နိုင်တဲ့၊
အန္တရာယ်ရှိတဲ့ website တွေဆီ ညွှန်းတာတွေ ကြုံရနိုင်ပါတယ်။ အဲ့ဒီ့တော့
scan ဖတ်မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ QR Code များကိုသာ ပြုလုပ်သင့်ပါတယ်။
#5 အွန်လိုင်းပေါ်မှာ ဒါတွေ share မှာလား?
ဆိုရှယ်မီဒီယာတွေမှာ
ကိုယ့်တက်ခဲ့တဲ့ ကျောင်းနာမည်၊ မွေးနေ့ စတာတွေကို လူတိုင်းသိနိုင်အောင် public နဲ့ ဖော်ပြထားတာ အရမ်းအန္တရာယ်မရှိနိုင်ပေမယ့်
ကိုယ့် password တွေက ဒီအချက်အလက်တွေ ပါနေရင်တော့ အလွယ်တကူခန့်မှန်းရလွယ်တာ၊
ဒါမှမဟုတ် ဒီအချက်အလက်တွေကို အသုံးချပြီး ကိုယ်အဖြစ် အယောင်ဆောင်လိမ်လည်လို့ ရနိုင်ပါတယ်။
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို
တတ်နိုင်သလောက် Private အနေနဲ့သာ ထားရှိပါ။ အကယ်၍ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြမယ်ဆိုလည်း Only
Me ဒါမှမဟုတ် အရင်းနှီးဆုံးသူတွေသာ သိနိုင်မယ့် Friends Only၊ Close Friends စတာတွေနဲ့သာ တင်ထားလို့ရပါတယ်။
နောက်ပြီး ကိုယ်တင်လိုက်တဲ့
ဓာတ်ပုံ၊ ဗီဒီယိုတွေကနေလည်း ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပြောပြနိုင်တာဖြစ်လို့
ကိုယ်ရဲ့ အိမ်နေရာ၊ လမ်းနာမည်၊ သွားနေကျနေရာတွေနဲ့ ကိုယ်မပြောပြချင်တဲ့ အခြား personal အချက်အလက်တွေ၊ အကြောင်းအရာတွေ ဓာတ်ပုံ၊
ဗီဒီယိုတွေထဲ ပါနေ၊ မပါနေဆိုတာ ကိုယ်မတင်ခင်ကတည်းက သတိထားကြည့်ရပါမယ်။
#6 အကောင့်တွေထဲကနေ Log Off လုပ်မိလား?
အကယ်၍ Internet ဆိုင်၊ သင်တန်းစတာတွေက တခြားသူတွေလည်း
သုံးနေတဲ့ ကွန်ပြူတာသုံးပြီး ကိုယ့်အကောင့်တွေထဲ ဝင်ထားမယ်ဆိုရင် ပြန်ခါနီးတိုင်း အမြဲတမ်း
Log Out လုပ်တာ၊ ကိုယ်အသုံးပြုဝင်ရောက်ထားတဲ့ Browsing
History ဖျက်တာစတာတွေ လုပ်သင့်ပါတယ်။ နောက်ပြီး အများသုံးကွန်ပြူတာတွေမှာ
Browser အသုံးပြုပြီး ကိုယ့် account တွေ
ဝင်တော့မယ်ဆိုရင် Incognito Mode နဲ့သာ အသုံးပြုသင့်ပါတယ်။
အများသုံးကွန်ပြူတာတွေနဲ့
Network တွေအသုံးပြုနေရင် ကိုယ့်ရဲ့ အရေးကြီးတဲ့
Personal Information တွေ (ဘဏ်အကောင့်နံပါတ်၊ Password
နံပါတ်လိုမျိုး) ဖြည့်သွင်းမှတ်သားတာမျိုး ရှောင်ကြဥ်ရပါမယ်။
#7 သူတို့ကို တကယ်ယုံလို့ရနိုင်မလား?
အွန်လိုင်းအသုံးပြုနေရင်
တတ်နိုင်သလောက် အပြင်မှာ ကိုယ်မသိတဲ့ သူစိမ်းတွေနဲ့ ပတ်သက်ပြီး သတိထားသင့်ပါတယ်။ Social Media တွေမှာ Friend အနေနဲ့ လက်ခံတာ၊ App တွေမှာ Add တာ လက်ခံတာ၊ Dating app ပေါ်က သူစိမ်းတွေနဲ့ စကားပြောတာ
စတာတွေမှာ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေ၊ ဓာတ်ပုံတွေကို
မမျှဝေမိဖို့ လိုအပ်ပါတယ်။
#8 Permission တောင်းတိုင်း ပေးစရာလိုလား?
အွန်လိုင်းပေါ်က Website တွေ၊ Social Media တွေမှာ ကိုယ့်ဘက်က ခွင့်ပြုထားတာတွေ များရင် အခွင့်အရေးယူခံရနိုင်ပါတယ်။ လူတော်တော်များများက
App တစ်ခု ဒေါင်းလုဒ်လုပ်တဲ့အခါ ဒါမှမဟုတ် website တစ်ခုကို ဝင်တဲ့အခါ Permission ပေးဖို့ စာတွေ၊ Notification
တွေတက်လာပြီး "Ok" ဒါမှမဟုတ်
"Allow"တို့ကို နှိပ်လိုက်ရင် လွယ်လွယ်ကူကူ ရောက်သွားလိမ့်မယ်၊
ဘာမှမဖြစ်လာနိုင်ပါဘူးလို့သာ ထင်နေကြတတ်ပါတယ်။ ကိုယ်တိုင်သတိမထားမိဘဲ ပေးလိုက်မိတဲ့
ဖုန်းထဲမှတ်ထားတဲ့ ဖုန်းနံပါတ်တွေ၊ Camera Access တွေ၊ Microphone
Access တွေနဲ့ ကိုယ့်တည်နေရာကို ခြေရာခံလိုက်ဖို့ ခွင့်ပြုချက်တွေကတဆင့်
ကိုယ့်ရဲ့ privacy ကို မထင်မှတ်ထားတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာ
သတိမထားမိတတ်ကြပါဘူး။ မလိုအပ်ဘူးထင်ရင် App တွေကို Location
ပိတ်ထားလို့ရတဲ့ Setting တွေ၊ Camera
နဲ့ Microphone ခွင့်မပြုတဲ့ Setting တွေ လုပ်ထားသင့်ပါတယ်။