Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
How do you define Love?

ချစ်ခြင်းမေတ္တာလို့ ပြောကြရာဝယ် U-Report Myanmar လူငယ်တွေက အချစ်ကို ဘယ်လိုခံယူထားကြလဲဆိုတော့...


Pyae Phyo (𝗨-𝗥𝗲𝗽𝗼𝗿𝘁𝗲𝗿)

အချစ်ဆိုတာ တကယ်တော့ ခက်ခက်ခဲခဲလုပ်ယူနေရတာမျိုးမဟုတ်ဘဲ ကိုယ့်နားကရှိတဲ့လူတွေကို လုံခြုံနွေးထွေးစေချင်၊ ပျော်ရွှင်စေချင်တဲ့ စိတ္တဇနာမ်လေးတစ်ခုသက်သက်ပါပဲ။ ကိုယ့်ရဲ့အတ္တတွေ မစိုးမိုးလာသရွေ့  ချစ်ခြင်းမေတ္တာဆိုတာ အေးချမ်းမှုတွေအမြဲရနိုင်တဲ့ ရပ်ဝန်းလေးတစ်ခုပါ။ ချစ်ခြင်းမေတ္တာဆိုတာ ကာလာတွေမပါ၊ မာယာတွေမပါဘဲ ဘယ်သူက ဘယ်သူ့ကိုပဲ ချစ်ရမယ်ဆိုပြီး ပညတ်ချက်တွေမရှိတဲ့ ရိုးရှင်းတဲ့ခံစားချက်လေးတစ်ခုပဲ ဖြစ်ပါတယ်။


ချစ်ခြင်းရဲ့ အလင်းတန်းတွေက ကျွန်တော်တို့ကို ရှေ့ဆက်ဖို့ လမ်းပြပေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့အပြုံးတွေကြောင့် ကိုယ့်မှာ ပျော်ရွှင်ရတယ်ဆိုရင် ဒါဟာချစ်ခြင်းမေတ္တာပါပဲ။


𝗛𝗻𝗶𝗻 𝗘𝗮𝗶𝗻 (𝗨-𝗥𝗲𝗽𝗼𝗿𝘁𝗲𝗿)


မျက်စိနဲ့ မမြင်နိုင်တဲ့အရာကို မြင်စေပြီး နားနဲ့ မကြားနိုင်တဲ့ စကားကို ကြားရစေတာ အချစ်လို့ထင်တယ်။


Self-Love ပဲဖြစ်ဖြစ်၊ တခြားသူကို ချစ်တဲ့အချစ်ပဲဖြစ်ဖြစ်.... အချစ်ဟာ မနက်ဖြန်တိုင်းကို ရှိစေချင်တယ်။ 


ဒီတစ်ညကုန်လို့ နောက်တစ်ညမှာပါ အချစ်ရှိနေမယ်ဆိုတဲ့အသိက ညဘက်တွေကို ကောင်းကောင်းအိပ်ပျော်စေတယ်။


𝗘𝗿𝗶𝗰 (𝗨-𝗥𝗲𝗽𝗼𝗿𝘁𝗲𝗿)


ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ခြေဖဝါးမှာ စိုက်ဝင်လာတဲ့ ''ညှောင့်လေးတစ်ခု'' လိုပါပဲ။ 


လမ်းလျှောက်နေရင်း ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လိုစိုက်ဝင်လာမှန်းမသိလိုက်ပေမယ့် သတိထားမိလိုက်တဲ့အချိန် သူလေးက ကောင်းကောင်းကြီး စိုက်ဝင်နေရာယူထားပြီးနေတာမျိုး။


ဟော... တဆစ်ဆစ်နဲ့ နာလို့ ထုတ်မယ်လည်းကြံရော.... ကိုယ်ပဲ ထပ်နာရပြန်တာပါပဲ။ 


ဒါပေမယ့် ထွင်ထုတ်မလား။ တဆစ်ဆစ် ဆက်ခံစားမလား ဆိုတာတော့ ရွေးချယ်ရုံပေါ့လေ...


𝗪𝗮𝗶 𝗣𝗵𝘆𝗼 (𝗨-𝗥𝗲𝗽𝗼𝗿𝘁𝗲𝗿)


အချစ်ဆိုတာ လူနှစ်ယောက်ကြားမှာဖြစ်ပေါ်လာတဲ့ နက်ရှိုင်းတဲ့ခံစားချက်တစ်ခုပေါ့။


ဒါ့အပြင် အချစ်ဆိုတဲ့အရာကို ၁၅၀၀ အချစ်အပြင် မိသားစု၊ သူငယ်ချင်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေအပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့လည်း ဖော်ပြလို့ရတယ်။


လူငယ်တွေအနေနဲ့ အချစ်ကို ပွင့်လင်းစွာ လက်ခံတတ်ဖို့နဲ့ တစ်ဖက်သားကို လေးစားတတ်ဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ဖို့နဲ့ အချစ်ကို တန်ဖိုးထားတတ်ဖို့လည်း လိုအပ်ပါတယ်။


နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ အချစ်ဆိုတာ သင်ယူမှုတစ်ခုပါပဲ...


𝗞𝗵𝗶𝘁 (𝗨-𝗥𝗲𝗽𝗼𝗿𝘁𝗲𝗿)


မနက်နိုးထတိုင်းမှာ အရင်ဦးဆုံးသတိရမိတာ...ညဘက် အိပ်ရာဝင်ခါနီး တွေးမိတဲ့အကြောင်းအရာက သူ့အကြောင်းတွေဖြစ်နေတတ်တာ...မိုးသည်းတဲ့နေ့၊ အချမ်းပိုတဲ့ ညတွေမှာ လုံခြုံနွေးထွေးနေပါ့မလားလို့ စိုးရိမ်မိတာ...ခက်ခက်ခဲခဲရှင်သန်နေရတဲ့ လောကကြီးမှာ သူ့ကိုတော့ အမြဲတမ်းအဆင်ပြေပါစေလို့ ဆုတောင်းပေးနေတတ်တာ...


ဒါတွေအားလုံးက ချစ်ခြင်းမေတ္တာပါပဲ။


အချစ်ဆိုတာ ရာနှုန်းပြည့်တော့ မအေးချမ်းပါဘူး။ အူလှိုက်သည်းလိုက် ပျော်ရဖူးသလို စွဲလမ်းစိတ်နဲ့ ပူပင်သောကတွေကြား လောင်မြိုက်ရတဲ့အချိန်တွေလည်း မနည်းမနောပါ။ ဒီလိုပူလောင်တဲ့ကြားကပဲ ဆက်ချစ်နေမိတာကိုက အချစ်ပါပဲ....


Ja Seng (𝗨-𝗥𝗲𝗽𝗼𝗿𝘁𝗲𝗿)


အချစ်ဆိုတာ လူတိုင်းအတွက် အဓိပ္ပါယ်အမျိုးမျိုးနဲ့ပြည့်နှက်နေတဲ့စကားလုံးတစ်လုံးပေါ့… ကျွန်မခံယူထားတဲ့အချစ်ဆိုတာကတော့ အပြန်အလှန်နားလည်မှု နဲ့ ယုံကြည်မှုလို့ပဲပြောရမယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်လက်ခံနားလည်တတ်ပြီး ဘဝရဲ့အခက်အခဲတွေကို အတူတူရင်ဆိုင်ကျော်လွှားကြဖို့ပါပဲ။


အချစ်ဆိုတာ ရိုးရှင်းပြီးစစ်မှန်ဖို့လိုတဲ့အတွက်ကြောင့် အချစ်ကိုလေးလေးနက်နက်ခံယူပြီး ခံစားချက်တွေကိုရိုးသားပွင့်လင်းစွာဖော်ပြဖို့လိုပါတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် လေးစားမှုကိုအခြေခံပြီး နားလည်မှု ယုံကြည်မှုတွေနဲ့အတူ ကူညီဖေးမအားပေးကြရင်း ခိုင်မြဲတဲ့ ချစ်ခြင်းကိုတည်ဆောက်ကြဖို့ပါပဲ။

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo