Written By - Hnin Eain (U-Reporter)
ကမ္ဘာကြီးဟာ အချစ်မရှိလို့လည်း မဖြစ်၊ အင်တာနက်မရှိလို့လည်း မဖြစ်တဲ့ နေရာတစ်ခုဖြစ်လာတယ်။ အချစ်နဲ့ အင်တာနက်ဟာ ကြိုးတစ်ချောင်းရဲ့ အစွန်းနှစ်ဖက်မှာရှိနေပေမယ့် တကယ်တမ်းတော့ နီးစပ်ဖို့ ချိတ်ဆက်ကြတဲ့အခါ မိုင်အကွာအဝေးတွေမမူဘဲ မျက်တောင်တစ်ခတ်ထက်တောင် ပိုမြန်ပြီး နီးစပ်ခွင့်ပေးကြသည်သာ။ စက္ကန့်မပြတ် တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်အောင် ချိတ်ဆက်နိုင်လာကြတယ်။
တိုးတက်လာတဲ့ အိုင်တီခေတ်ကြီးထဲမှာတော့ လူတွေဟာ အင်တာနက်ကနေတဆင့် ချစ်ခြင်းမေတ္တာတွေ တည်ဆောက်ကြတယ်၊ တစ်ဦးနဲ့တစ်ဦး ဂရုစိုက်မှုတွေ ဝေမျှကြတယ်၊ အချစ်တွေကို ဖြန့်ကျက်ဖို့ အခွင့်ရကြတယ်။ အင်တာနက်ကြောင့်ပဲ မိတ်ဆွအသစ်တွေရပြီး အရင်းနှီးဆုံးသူစိမ်းတွေနဲ့ တွေ့ဆုံခွင့်ရတယ်။ အင်တာနက်ကိုလည်း အချစ်လိုပဲ အကြွင်းမဲ့ ယုံကြည်လာမိကြတယ်။
အခြားတစ်ဖက်မှာလည်း “အချစ်မရှိရင် ရပါသေးတယ်၊ အင်တာနက်မရှိရင်တော့ မဖြစ်ဘူး” ဆိုတဲ့ စကားတွေလည်း တွင်တွင်ကြားလာရတယ်။ ဒါဟာ အချစ်နဲ့ အင်တာနက်မှာ ဘယ်အရာက အသာစီးရနေလဲဆိုတာ သိသာတဲ့ စကားပါပဲ။ အချစ်ဟာ အန္တရာယ်များတယ်၊ အင်တာနက်ကတော့ မတူဘူး၊ ထိန်းချုပ်လို့ရတယ်ဆိုပြီး တွေ့မြင်မိလောက်အောင်ကို လူတွေဟာ အင်တာနက်အပေါ်မှာ ပုံအောပြီး ယုံကြည်ပေးလာတယ်။
အချစ်ဟာ အင်တာနက်ကြောင့် ပိုပြီး လူတွေရဲ့ ရင်ကို ထိစေပေမယ့် အင်တာနက်ဟာ အချစ်ကြောင့် လူတွေကို ထိခိုက်စေတယ်။ ဒါဟာ သူတို့နှစ်ဦးကြားက လစ်ဟမှုများလား။ အင်တာနက်ကို လူတွေ ချီးကျူးဋ္ဌောပနာ ပြုနေပေမယ့် တစ်ပြိုင်တည်းမှာပဲ လူတွေဟာ အချစ်နဲ့အမုန်းလို ခံစားချက်တွေ ဒွိဟဖြစ်လာကြတယ်။ အင်တာနက် မရှိတဲ့ ခုနှစ်သက္ကရာဇ်တွေဆီ အချိန်ခရီးသွားချင်ကြတဲ့ လူတွေကို ခပ်စိပ်စိပ်တွေ့လာရတယ်။ အင်တာနက်ကို တတ်နိုင်သလောက် ပျောက်ကွယ်စေချင်သူတွေနဲ့ ပျောက်ကွယ်သွားမှာကြောက်တဲ့သူတွေဟာ အဆုံးသတ်မှာတော့ အင်တာနက်ကို သုံးပြီးတော့ပဲ ငြင်းကြခုန်ကြတယ်။
ဒါပေမယ့် အင်တာနက်ကတော့ ဒီလို ငြင်းခုန်မှုတွေကို ဂရုစိုက်မိဟန်မတူ။ လူတွေက သူ့ကို မွမ်းမံပြုပြင်ကြတယ်။ သူ့ရဲ့ အသိပညာ၊ သတင်းအချက်အလက်တွေက လူတွေထက်တောင် တစတစပိုပြီး ကျယ်ပြန့်လာတယ်။ အင်တာနက်ဟာ ကမ္ဘာကြီးကို တစ်နည်းနည်းနဲ့ အသက်ရှူချောင်စေတယ်ပြောရမယ်။ အထီးကျန်နေတဲ့သူတွေဟာ အင်တာနက်နဲ့ တွေ့တဲ့အခါ စိတ်သက်သာရာရကြတယ်။ အင်တာနက်ကြောင့် လူတွေ ပိုနီးစပ်လာကြရတယ်။ ဒါ့ကြောင့် အင်တာနက်ဟာ အချစ်ဖြစ်ဖြစ်၊ နွေးထွေးမှုဖြစ်ဖြစ် ဆာလောင်နေတဲ့သူတွေအတွက် ဆေးတစ်ခွက်ဖြစ်လာတယ်။ ဒါပေမယ့် ဆေးခါးဖြစ်မလား၊ ဆေးချိုချိုလေးတစ်ခွက်ဖြစ်မလားဆိုတာ တော့ လူတွေအပေါ်ပဲ မူတည်နေပါတယ်။ အင်တာနက်ကတော့ ဒါတွေကို သူမသိ။ သူသိတာတွေကိုသာ လူတွေက သိနေရတာပါ။
အင်တာနက်ဟာ အသက်ရှုချောင်စေသလို သတိမမူရင် အသက်ရှုကြပ်စေပြန်ပါတယ်။ ဒါကလည်း အင်တာနက်ရဲ့ အမှောင်ဘက်ခြမ်းပဲ ပြောရမလား။ အင်တာနက်သုံးတိုင်းမှာ သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို သုံးစွဲသူကိုယ်တိုင် လိုလိုလားလားပေးနေမိတယ် ဆိုတဲ့အချက်က အသက်ရှုကြပ်ရုံမက အသက်ကိုပါ နှုတ်ယူပစ်ဖို့ ခွန်အားကြီးလာတယ်။ အင်တာနက်ဟာ သုံးစွဲသူရဲ့ စိတ်ဝိဥာဥ်ကို အရယူနိုင်စွမ်းရှိတဲ့ထိ အင်အားရှိနေတယ်။ ယုံကြည်မိလာတယ်။ သူ့ရဲ့ တောင်းဆိုချက်မှန်သမျှကို လက်ခံမိလာပြီး သူဘာပြောပြောကို “Accept” ဆိုတဲ့ ခလုတ်လေး တစ်ချက် နှိပ်မိလာပြီး သူ့ရဲ့ အင်အားကြီးမှုအောက်မှာ လူတွေဟာ ကျရှုံးကုန်တယ်။ ဒါဟာ သူ့ရဲ့ အမှောင်ဘက်ခြမ်းပဲ။
ဒီလိုကိုယ်ရေးအချက်အလက်တွေ အလွယ်တကူ ပေးလိုက်မိတဲ့ကြောင်းကိုလည်း U-Report Myanmar ကနေ ၂၀၂၄ခုနှစ်မှာ လူငယ်တွေနဲ့ ဆွေးနွေးမေးမြန်းခဲ့တာမှာ ဖြေဆိုသူ ၅ ယောက်မှာ ၁ ရောက်ဟာ သူတို့ရဲ့ Personal အချက်အလက်တွေကို သူတို့ဘာသာ ပေးမိလိုက်တဲ့အကြောင်း သတိမထားမိပါဘူးလို့ ပြောပြထားကြပါတယ်။ ဒါကလည်း အင်တာနက်ကို အချစ်လိုပဲ မျက်လုံးစုံမှိတ် ပုံအောယုံမိလို့ ပေးခဲ့ကြတာသာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဘယ်လောက်ပဲ ယုံတယ်ပြောပြော ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တွေ့ကရာ ပေးလိုက်လို့ အဆင်ပြေမလားဆိုတာကတော့ ကိုယ့်ဘာသာကိုယ် စဥ်းစားချင့်ချိန်ဆုံးဖြတ်ရမှာပါ။
အင်တာနက်ဟာ အချစ်နဲ့တူသေးရဲ့လားလို့ အစပြန်ကောက်ရရင် အင်တာနက်ဟာ အချစ်ဦးနဲ့တူတယ်ထင်တယ်။ အချိန်ခဏလေးအတွင်းမှာတင် နှုတ်မရတဲ့စူးတစ်ချောင်း စိုက်ဝင်သွားပြီး ကုစားဖို့အချိန်ယူရတဲ့ အချစ်ဦးလေးပေါ့။ စိတ်ဒဏ်ရာတွေမရအောင် အန္တရာယ်တွေ မဖြစ်အောင် သံကွန်ချာတွေ အထပ်ထပ် ကာရံထားဖို့လိုတဲ့၊ လေအဝေ့မှာ ပုခုံးပေါ်ကျလာတဲ့ သစ်ရွက်လေးတစ်ရွက်နဲ့ ထပ်တူကြတယ်။
အင်တာနက်နဲ့ အချစ်ဟာ ဆင်တူမှုတွေ ရှိသလို ကွာဟချက်တွေလည်း ရှိနေဦးမှာပဲ။
ယုံကြည်မှုရော၊
စိတ်လုံခြုံမှုပါ ခံစားရမှ အဓိပ္ပါယ်ပြည့်စုံတဲ့ အချစ်တစ်ခုတည်ဆောက်နိုင်မှာဖြစ်သလို အင်တာနက်ဆိုတဲ့အရာကလည်း ဒီအတိုင်းပါပဲ။ လူတွေရဲ့ စိတ်လုံခြုံမှုကို အင်တာနက်ပေါ်မှာ ရှာလို့မရနိုင်သေးတာက သူ့ရဲ့ အားနည်းချက်ဖြစ်ပြီး ဘယ်လို လုံခြုံအောင်သုံးရမလဲဆိုတာက အင်တာနက်ကပေးထားတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေပါတယ်။ တကယ်တမ်းတော့
စိတ်လုံခြုံမှုဆိုတာ လူတွေအချင်းချင်းသာ တည်ဆောက်လို့ရမယ့် တံတိုင်းတစ်ခုဖြစ်ပါတယ်။ ဒါဟာ အချစ်နဲ့ အင်တာနက်ကြားက ကွက်လပ်လေးတစ်ခုပဲ။
အချစ်ကိုလည်း မျက်စိမှိတ်မယုံနေကြသလို အင်တာနက်ကိုလည်း သတိလေးနဲ့သာ ယုံကြည်ကြစေချင်ပါတယ်။