Written by - Pyae Phyo (U-Reporter)
"ယောကျ်ားက ယောကျ်ားလိုမနေဘူး"၊ "မိန်းကလေးတွေနဲ့မဆိုင်ဘူး၊ ကိုယ့်နေရာကိုယ်နေ" အစရှိတဲ့ Gender ကွဲပြားမှုတွေ၊ လိင်စိတ်တိမ်းညွှတ်မှုတွေအပေါ် ခွဲခြားဆက်ဆံတဲ့အပြုအမူတွေ၊ စကားလုံးတွေကို ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကြားဖူးနေကျဖြစ်ပါလိမ့်မယ်။
ဖိုဝါဒီကြီးစိုးတဲ့ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာတော့ Gender Based Violence (GBV) လို့ခေါ်တဲ့ လိင်အခြေပြုအကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက ပိုမိုတွေ့ကြုံခံစားနေကြပါတယ်။ အမှန်တော့ GBV ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ယောကျ်ားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းအပေါ်ဦးတည်တိုက်ခိုက်တာမျိုးမဟုတ်ဘဲ သူ့ရဲ့ လိင်စိတ်ဝိသေသ (Sexual identity) နဲ့ လိင်စိတ်တိမ်းညွှတ်မှု (Sexual Orientation) အပေါ် ကိုယ်အမူအရာအားဖြင့်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ နှိမ့်ချပြောဆိုဆက်ဆံမှုတိုင်းဟာ လိင်အခြေပြုအကြမ်းဖက်မှုမြောက်ပါတယ်။ မနှစ်က Gender-Based violence အကြောင်း ဆွေးနွေးဖြေဆိုခဲ့တဲ့ U-Reporter သုံးပုံတစ်ပုံက ဒီလိုအကြမ်းဖက်မှုတွေကို ကိုယ်တိုင်တွေ့ကြုံခံစားကြဖူးတယ်လို့ ပြောပြထားကြပါတယ်။
"မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရမယ်"၊ "အိမ်ရှင်မဆိုတာ မှီခိုပဲ၊ အိမ်မှုကိစ္စကိုသာ ကျေပွန်အောင်လုပ်" စတဲ့ လွန်ဆန်ဖို့ခက်ခဲ့တဲ့ ရှေးရိုးစွဲအယူအဆတွေအောက်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့အသံတွေဟာ ပျောက်ဆုံးနေရပါတယ်။ ဒီလိုနဲ့ပဲ လူအများစုဟာ မိန်းကလေးဆိုရင် အားနည်းတယ်၊ အလွယ်တကူ အနိုင်ကျင့်နိုင်တယ်လို့ ထင်မြင်လာတတ်ကြပါတယ်။ တစ်ဖက်မှာလည်း "ယောကျ်ားဖြစ်ပြီး ဒီလောက်တောင် ပျော့ညံ့ရလား၊ အဖြစ်မရှိဘူးလား"၊ “ယောကျ်ားဆိုရင် မျက်ရည်မကျရဘူး၊ သန်မာရမယ်၊ ဒီလောက်ကတော့ လုပ်နိုင်ရမယ်" စတဲ့ပုံစံခွက်ထဲက စံသတ်မှတ်ချက်တွေနဲ့ ယောကျ်ားတစ်ယောက်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို သတ်မှတ်လိုက်ကြပါတယ်။ အခုလို ပတ်ဝန်းကျင်က အစဉ်တစိုက် ရိုက်သွင်းပုံဖော်ထားတဲ့ အပြောအဆိုတွေ၊ လူအများက လက်ခံထားတဲ့ ကျားမဖြစ်ခြင်းစံနှုန်းတွေကို လက်ခံကျင့်သုံးမှုတွေကနေတဆင့် အကြမ်းဖက်မှုမြောက်မှန်းမသိဘဲ ကျွန်တော်တို့တွေဟာ Gender-Based Violence တွေကို မသိမသာရော၊ သိသိသာသာပါ ကျူးလွန်မိလာတတ်ကြပါတယ်။
ပုံမှန်အားဖြင့် အများစုဟာ ကိုယ့်ရဲ့မိသားစုဝင်၊ ဆွေမျိုသားချင်းနဲ့ အနီးနားပတ်ဝန်းကျင်က လူတွေဆီကနေ ဒီလိုနှိမ့်ချပြောဆိုခံရမှုတွေကို ကြုံရတတ်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကနေတဆင့် စိတ်ဒဏ်ရာ (Trauma)တွေ ရလေ့ရှိကြပါတယ်။ GBV အကြောင်းဆွေးနွေးခဲ့ကြတဲ့ U-Reporter တစ်ဝက်နီးပါးကလည်း ဒီလိုပြဿနာတွေဟာ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေဆီကနေ အများဆုံးခံစားကြရတယ်လို့ ပြောထားကြပါတယ်။
ဒီလိုကိစ္စတွေကြားမှာ LGBTQ+ community ကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အဆင့်အတန်းတွေ၊ ဂုဏ်သိက္ခာတွေကို သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုအပေါ်မှာ မူတည်ပြီး သတ်မှတ်လိုက်လို့လည်း မရပြန်ပါဘူး။ ချစ်ခြင်းမေတ္တာမှာ ဘယ်သူ့ကိုပဲချစ်ရမယ်၊ ဘယ်လိုလူနဲ့ပဲ ချစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး။ တကယ်လို့ ရှိခဲ့တယ်ဆိုရင်တောင်မှ ဒါတွေဟာ လူတွေ အတင်းလုပ်ယူထားတဲ့ မညီမျှတဲ့ စံသတ်မှတ်ချက်တွေသာ ဖြစ်ပါလိမ့်မယ်။ ခေတ်စနစ်တွေ တိုးတက်လာပေမဲ့ လူအများစုရဲ့ အတွေးအခေါ်တွေကတော့ အစဥ်အဆက်လက်ခံကျင့်သုံးကြတဲ့ စံနှုန်းတွေကိုသာ ဆွဲကိုင်ထားပုံရပါတယ်။ "သဘာဝကို ဆန့်ကျင်နေတာပဲ၊ ရွံစရာကြီးတွေ၊ အခေ-က်၊ ဘ-ပြား" စတဲ့ နိမ့်ချတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုကဲ့ရဲ့ဝေဖန်နေကြတွေကိုလည်း ဆိုရှယ်မီဒီယာတွေမှာရော လက်တွေ့ဘဝမှာပါ မမြင်ချင် မကြားချင်လောက်အောင် ကြုံဖူးကြမှာပါ။ ဒီလိုလူ့အသိုင်းအဝိုင်းရဲ့ အားနည်းနိမ့်ကျတယ်၊ လေးစားဖို့မထိုက်တန်ဘူး၊ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရပါတယ်၊ ခွဲခြားဆက်ဆံဖို့ ထိုက်တန်ပါတယ်လို့ သတ်မှတ်ခံထားရတဲ့သူတွေဟာ Gender-Based Violence ကို အများဆုံးကြုံတွေ့ကြရပါတယ်။
ကျွန်တော်တို့ဆီမှာ ထွန်းကားတဲ့ အလေ့အကျင့်တစ်ခုကတော့ ဒီလိုကိစ္စမျိုးတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာရင်၊ မျက်စိရှေ့မှာ မြင်နေရရင်တောင်မှ "သူများကိစ္စ ဝင်ပါတာ မကောင်းပါဘူး၊ ကြားသုံးကြား မဝင်ကောင်းဘူး"ဆိုပြီး လျစ်လျူရှုသွားတတ်တာများပါတယ်။ ပြီးတော့နောက်တစ်ခုကတော့ "Victim Blaming"လို့ခေါ်တဲ့ အမှန်တကယ်နစ်နာတဲ့သူကို ဝေဖန်အပြစ်တင်တာမျိုးပါ။ "ဒါလေးပြောတာ ဘာတွေများပဲ့ပါသွားလို့လဲ၊ ဒီလိုဝတ်စားထားမှတော့ အပြောခံရတာတောင်နည်းသေးတယ်၊ အနေအထိုင်မတတ်မှတော့ဖြစ်ပြီပေါ့" ဆိုတာတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးအားမြှောက်ပြုနေတာပဲ ဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ဒီလိုအတွေးအခေါ်ရှိတဲ့လူတွေများပြားလာတာနဲ့အမျှ ပြဿနာတွေ ကြုံလာရတဲ့အခါ နစ်နာသူတွေဟာ ရှက်တာ၊ ကြောက်တာမျိုးတွေကြောင့် တိုင်တန်းတာ၊ ရင်ဖွင့်တာတွေလုပ်ဖို့ မဝံ့မရဲဖြစ်တတ်လာကြရပါတယ်။ GBV ကို ကိုယ်တိုင်တွေ့ကြုံခံစားဖူးတဲ့ U-Reporter ဆယ်ယောက်မှာ (၈) ယောက်ကတော့ ရင်ဖွင့်တိုင်ကြားတာမျိုးမလုပ်ခဲ့ဘူးလို့ဖြေဆိုထားပြီး ဒီအထဲကမှ (၆) ယောက်ကတော့ "ဘာမှလုပ်နိုင်မယ်မထင်လို့" ဘယ်သူ့ဆီမှ မတိုင်ကြားခဲ့တာမျိုးဖြစ်တယ်လို့ ပြောပြဖွင့်ဆိုထားပါတယ်။
တကယ်တော့ Gender-Based Violence ဟာ အချိန်မရွေး၊ နေရာမရွေး လူတိုင်း ယောကျာ်းမိန်းမမရွေး ကြုံတွေ့နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဘယ်သူကမှ ဒီကိစ္စတွေဟာ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး အရေးတယူမလုပ်ကြရင် ခွဲခြားဆက်ဆံခံရမှုတွေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ၊ ထိပါးနှောင့်ယှက်မှုတွေ၊ မုဒိမ်းမှုတွေဆိုတာ ဒီထက် ပိုကျယ်ပြန့်လာဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် Gender Equality ဆိုတဲ့ တန်းတူညီမျှမှုအောက်မှာ လူတိုင်းရဲ့ ဖြစ်တည်မှုတွေ၊ ခံစားချက်နဲ့အသံတွေကို လက်ခံနားထောင်ပေးရင်း အချင်းချင်းဝေမျှဖေးမလို့ Gender-Based Violence တွေ နည်းပါးကင်းဝေးတဲ့၊ ပိုကောင်းမွန်တိုးတက်တဲ့ လူမှုအသိုက်အဝန်းတစ်ခုကို ကျွန်တော်တို့ဖန်တီးလို့ရရင် ဘယ်လောက်တောင်များ ကောင်းလိုက်မလဲလို့ တွေးမိပါတယ်။
၂၀၂၄ခုနှစ်မှာ Gender-based Violence နဲ့ ပတ်သက်ပြီး U-Reporter တွေရဲ့ ဆွေးနွေးပြောဆိုထားတာတွေကို https://myanmar.ureport.in/opinion/7627/ မှာ ဖတ်ရှုလို့ရပါတယ်။