Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
“ဆန္ဒ” လို့ အဓိပ္ပါယ်ရတဲ့ စကားသံ
Written by - 𝙃𝙣𝙞𝙣 𝙀𝙖𝙞𝙣 (𝙐-𝙍𝙚𝙥𝙤𝙧𝙩𝙚𝙧)

ကမ္ဘာကြီးဆီကနေ အသံမျိုးစုံကြားရပြီးတဲ့နောက် ကိုယ့်ရင်ထဲက စကားသံတွေကို ကြားရဖို့ ခက်ခဲလာတယ်ဆိုတာ လက်ခံကြလား…?

ကားဟွန်းတီးသံတွေ အစ ကလေးငိုသံတွေအဆုံး၊ သစ်ရွက်လေးတွေတွန်းတိုက်သံ က စလို့ ငှက်ကလေးတွေ တေးညီသံအဆုံး၊ ကျောင်းဝန်းထဲက ကလေးတွေရဲ့ စာအော်သံကစလို့ အမေ့အိမ်ရဲ့ နှိုးစက်အော်သံ၊ မောင်နှမတွေရဲ့ ငြင်းခုန်သံ အဆုံး၊ ကမ်းစပ်ရဲ့ လှိုင်းခတ်သံတွေကစလို့ ယက်ကမ်းစင်ရဲ့ လက်ခတတ်သံ အဆုံး၊ စည်းကားနေတဲ့ မြို့လယ်ခေါင်လမ်းမပေါ်က ကခုန်သံတွေကိုကြားရသလို မငြိမ်းချမ်းတဲ့ ​ဒေသတွေဆီက တိတ်တဆိတ်ငိုရှိုက်သံတွေကိုလည်း ကြားရပါတယ်။

လက်ဖက်ရည်ဆိုင်က စကားဝိုင်းတွေ၊ အလုပ်ရုံစကားဝိုင်းက ဆွေးနွေးပွဲတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားမမြည်ပြောသံတွေ၊ လူကြီးတွေရဲ့ အကြံပေးစကားတွေ၊ မိဘတွေရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတွေ၊ ခေတ်ရေစီးကြောင်းအရ လွှမ်းမိုးလာတဲ့ အယူအဆတွေ၊ ကံတရားကြောင့် ဖြစ်လာတဲ့ ယျေဘုယျအခြေအနေတွေကနေ ရုန်းမထွက်နိုင်မှုတွေ…စသဖြင့် အများကြီးကြားနေရပါတယ်။

ဒီလိုနဲ့ အနီးဆုံးမှာရှိတဲ့ အရာတွေက အဝေးဆုံးကိုရောက်သွားတတ်တယ်။ ရင်ဘက်ထဲက အသံပေးနေမယ့် သတိမထားနိုင်ဖြစ်ပြီး ကြားရဖို့ ဝေးသထက်ဝေးလာတယ်။ ကြားရဖို့ဝေးလေ ဘဝဟာ အသက်ရှူဖို့ပိုခက်လေ ဖြစ်လာတယ်။ နှလုံးသားဟာ ကြိမ်ဖန်များစွာ စကားတွေပြောနေပေမယ့် နားမထောင်မိတဲ့အခါ စစ်မှန်တဲ့ ကိုယ့်ရင်ထဲက အသံတွေကို အခါခါ လွဲချော်တတ်ပါတယ်။

မရေမတွက်နိုင်တဲ့ အသံတွေရှိတဲ့ ကမ္ဘာကြီးထဲမှာ ကိုယ့်ရင်ထဲက အသံကို အာရုံစိုက်ပြီး နားထောင်ဖို့ အချိန်ပေးကြည့်ကြရအောင်…ဘဝမှာ လမ်းပျောက်နေသလိုလို ငါတစ်ယောက်တည်း ဘာကြောင့်များ ခက်ခဲနေရတာလဲလို့ တွေးမိလာရင် သင့်ရဲ့ရင်ထဲက စည်းချက်ကို နားဆင်ကြည့်ပါ။ အဖြေဟာ အနီးဆုံးမှာရှိနေပေမယ့် တစ်ခါတစ်ခါ အဝေးကြီးမှာ သွားရှာမိတတ်ကြတယ်။ ကိုယ့်ရဲ့ နေစဥ်လုပ်နေကြအလုပ်တွေထဲကနေ အဖြေရှာတွေ့နိုင်သလို တစ်ခါမှလုပ်ကြ​ည့်ဖို့မစဥ်းစားဖူးတဲ့အရာတွေကလည်း အဖြေ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မညာတမ်း ရင်ထဲက အသံကို နားထောင်ကြည့်တဲ့အခါ တခါတလေ ဖြစ်နိုင်တာတွေ၊ တခါတလေ မဖြစ်နိုင်ဘူး ထင်နေတာတွေကို ကြားရပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရင်ထဲက အသံကတော့ ယုတ္တိဆန်၊ လက်တွေ့ဆန်တာ ဖြစ်ဖို့ကိုတော့ ကိုယ်တိုင်ပဲ ဖွဲ့ဆိုသီကုံးရမှာပါ။

အချို့က​လည်း ပြောကြတယ်၊ ကိုယ်ဘာကို စိတ်ဝင်တစားရှိလဲ ကိုယ်ဘာတွေဝါသနာပါလဲလို့သိချင်ရင် ကိုယ့်ရဲ့ အနီးဆုံးသူငယ်ချင်းတွေကို မေးကြည့်ပါတဲ့။ ကိုယ်ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ၊ ကိုယ်ဖတ်တဲ့ စာအုပ်တွေ ကနေတဆင့်လည်း ကိုယ့်ရဲ့ Passion ကို သိနိုင်ပါတယ်တဲ့။ ကိုယ့်ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေ၊ ဘယ်လိုဖြစ်တည်မှုနဲ့ ရပ်တည်ချင်လဲစတဲ့ ကိုယ့်ရဲ့ စစ်မှန်တဲ့မိမိကိုရှာတွေ့ဖို့က မွေးရာပါ တာဝန်တစ်ခုဖြစ်ပြီး ရှာတွေ့နိုင်မယ့် အရည်အချင်းကိုလည်း ဘုရားက ပေးထားပါသေးတယ်။

ကြားသမျှ အသံတွေရဲ့ ကြိုးဆွဲရာမကမိဖို့ ကိုယ့်ရင်ထဲကလာတဲ့အသံကိုပဲ အရင်နားထောင်ကြည့်ရအောင်။ မိုးရွာသည်ဖြစ်စေနေပူသည်ဖြစ်စေ ကိုယ့်ကိုယ့်ကိုယ် အရင်ဆုံး ရှာတွေ့နိုင်ဖို့ ကြိုးစားကြမယ်။ အနားမှာ ဘယ်သူတွေပဲ ရှိနေရှိနေ ကိုယ်နဲ့သက်ဆုံးတိုင်အတူရှိနေမယ့် ရွေးချယ်စရာမလိုတဲ့ တဦးတည်းသောသူဟာ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ကိုယ်လုပ်နေတဲ့အရာတွေအပေါ်ကို နှစ်သက်မှဖြစ်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေမိတယ်။

ဘယ်အသံဟာ သာယာနာပျော်ဖွယ်အကောင်းဆုံးလဲလို့မေးလာရင် ကိုယ်ရင်ထဲက အနက်ရှိုင်းဆုံးတစ်ထောင့်တစ်နေရာက ဆန္ဒလို့အဓိပ္ပါယ်ရတဲ့ စကားသံတွေပါပဲ လို့ ဖြေချင်တယ်။
See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo