ယောကျာ်းဆိုရင် မငိုရဘူးလို့ ဘယ်သူသတ်မှတ်ခဲ့လဲမသိပေမယ့် လိုက်နာကျင့်သုံးနေကြတာတော့ လူ့သမိုင်းတလျှောက် ခေတ်အဆက်ဆက် မျိုးဆက်တိုင်းက လူအားလုံးနီးပါးပါပဲ။
“ယောကျ်ားတန်မဲ့နဲ့ ငိုစရာလား” “ယောကျာ်းလေးသာပြောတယ် မျက်ရည်လွယ်လိုက်တာ” ဆိုတဲ့ စကားလုံးတွေဆိုတာ ငယ်စဥ်ကတည်းက ကြားဖူးနေကျဖြစ်မှာပါ။ ဒီလို ပြောခြင်းရဲ့နောက်ကွယ်မှာ မသိမသာနဲ့တွဲပါနေတာကတော့ ငိုတယ်ဆိုတာ မိန်းကလေးတွေ၊ မိန်းမတွေပဲ လုပ်တာ၊ နောက်ပြီး ပျော့ညံ့ခြင်းရဲ့ သင်္ကေတဖြစ်နေတာပဲ။ ဆိုလိုတာကတော့ ပျော့ညံ့တယ်၊ အားနည်းတယ်ဆိုတာ မိန်းမတွေရဲ့ သဘာဝလို့ သတ်မှတ်လိုက်တာပါပဲ။
ယောကျာ်း၊ မိန်းမသဘာဝဆိုတာထက် လူ့အဖွဲ့အစည်းတွေက သတ်မှတ်တိုင်းတာနေကြတဲ့ ယောကျာ်းဆန်ခြင်း၊ မိန်းမဖြစ်ခြင်းစံနှုန်းတွေဟာ တစ်နည်းအားဖြင့် Gender-Based violence ဖြစ်စေတဲ့ အကြောင်းတရားတွေဖြစ်နေတယ်။ အားနည်းတယ်၊ ပျော့ညံ့တယ်၊ မိန်းမဆန်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ယောကျာ်းရော၊ မိန်းမရော လူတိုင်းဟာ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေကို နိစ္စဓူဝကျုးလွန်နေကြတယ်လို့ ထင်တယ်။ အရောင်တွေ...ပန်းရောင်ဆိုတာ မိန်းကလေးပဲကြိုက်ရမယ်၊ ယောကျာ်းလေးက ပန်းရောင်ကြိုက်တယ်ဆိုရင် ဒီကောင် ယောကျာ်းမစစ်ဘူး၊ ယောကျာ်းလေးက ပန်းတွေကြိုက်ရင်၊ အလှအပကြိုက်ရင် မိန်းမဆန်တယ်စသဖြင့် ယောကျာ်းဆန်ခြင်း၊ မိန်းမဆန်ခြင်းတွေကို ကန့်သတ်ကြတယ်။
ငိုတယ်၊ မျက်ရည်ကျတယ်မှာလည်း ဒီလိုပါပဲ။ ယောကျာ်းမှန်ရင် မငိုဘူး၊ မျက်ရည်မလွယ်ဘူး၊ ခံစားချက်တွေ ထုတ်မပြရဘူးဆိုတဲ့ ကန့်သတ်ချက်တွေနဲ့အတူ ငိုတဲ့ ယောကျာ်းလေးတွေဟာ “ကိုကို ယောကျာ်းမဟုတ်ဘူး”၊ ငိုတယ်ဆိုတာ မိန်းကလေးတွေပဲ လုပ်ရမယ့် အရာအဖြစ် သတ်မှတ်လိုက်ကြပြန်တယ်။ ဒီလိုနဲ့ပဲ လူ့အဖွဲ့အစည်းထဲက ကန့်သတ်ထားတဲ့ ယောကျာ်းဆန်ခြင်းစံနှုန်းနဲ့ မကိုက်ညီဘူးထင်တဲ့ ကျားမ မရွေး လူတိုင်းနဲ့ LGBTQIA+ တွေအပေါ် တဆင့်ပြီးတဆင့် စကားလုံးတွေနဲ့ နှိပ်စက်တာ၊ အွန်လိုင်းပေါ်ကနေ ဝေဖန်သုံးသပ်တာကအစ စိတ်ထိခိုက်အောင်၊ ကိုယ်ထိလက်ရောက်ထိခိုက်အောင်လုပ်တာ...စတဲ့ Gender-Based ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေ လုပ်နေကြမိပါတယ်။
တကယ်တော့ ငိုတယ်ဆိုတာ လူမှန်ရင်၊ ခံစားချက်ရှိရင် လုပ်ရမယ့် သဘာဝတစ်ခုပါ။ အကယ်၍သာ ယောကျာ်းလေးမှန်ရင် မငိုရကြေးဆို သက်ရှိတွေကို ဖန်တီးထားတဲ့ သဘာဝတရားကြီးက ယောကျာ်းတွေ၊ အထီးသတ္တဝါတွေကို ငိုတယ်၊ ဝမ်းနည်းတယ်ဆိုတဲ့ ခံစားချက်တွေ၊ မျက်ရည်အိတ်တွေ ထည့်သွင်းပါဝင်တဲ့ evolution ရှိလာမှာကို မဟုတ်ဘူး။
ဝမ်းနည်းလို့ပဲ ငိုငို၊ ပျော်လို့ပဲ ငိုငို၊ ငိုတယ်ဆိုတဲ့ emotion တစ်ခု၊ သဘာဝတစ်ခုက ယောကျာ်းဖြစ်ခြင်း၊ မိန်းမဆန်ခြင်း၊ ယောကျာ်းဆန်ခြင်း၊ မိန်းမဆန်ခြင်းနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ လူဖြစ်ခြင်း၊ လူသားဆန်တဲ့ သဘာဝသာ ဖြစ်ပါတယ်။ ဒီတော့ U-Reporter သူငယ်ချင်းတို့အားလုံးလည်း လူသားဆန်ခြင်းတရားကိုပဲ လက်ကိုင်ထားပြီး ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းကို အခြေခံတဲ့ Gender-Based အကြမ်းဖက်မှုတွေကို မလုပ်မိကြဖို့ အခုကစပြီး သတိပြုမိကြရအောင်နော်...