Written by - Hnin Eain (U-Reporter)
အတွေးဆိုးတွေ
အနှုတ်ဘက်ကိုဦးတည်နေတဲ့ အတွေးတွေက ဘယ်ကစဖြစ်လဲဆိုပြီး အဖြေရှာကြည့်တော့
လူတစ်ဦးနဲ့တစ်ဦး ထပ်တူမကျနိုင်ပေမယ့် တူညီနိုင်မယ့် အဖြေတစ်ခုရှိနေမယ်လို့တော့
ထင်မိတယ်။ “ပျော်ရွှင်မှုတွေဝင်လာမှာကို
ပိတ်ဆို့သွားခြင်း၊ တစ်နည်းအားဖြင့် မပျော်လာတော့ခြင်း” လို့မြင်မိတယ်။
အဲ့လို
အခြေအနေမှာ နဂိုကတည်းက ဝင်လာဖို့ကို ချောင်းမြောင်းနေတဲ့ အတွေးဆိုးတွေက
တရစပ်ဝင်လာပြီး နေ့စဥ်ဘဝကိုပါ ထိန်းချုပ်ဖို့ကြိုးစားလာကြတယ်။ လက်ကျန်
အကောင်းမြင်စိတ်တွေပါ ပိတ်ဆို့ခံလိုက်ရပြီး အဆိုးဘက်ကို ဦးတည်လာတော့တယ်။
ဒါတင်ပဲလားဆိုတော့မဟုတ်ဘဲ
ကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်ပြီး မီးစာကို တဖြည်းဖြည်း မြှင့်လိုက်ပြီး
မတွေးရမနေနိုင်ဖြစ်လာတော့တယ်။ အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်
လျစ်လျူရှူမိကာ ထပ်ခါထပ်ခါ
နာကျင်နေရတော့တယ်။
ဒီလို
စိတ်အခြေအနေကို ကော်ဖီတစ်ခွက်အနေနဲ့ မြင်ကြည့်ကြမယ်ဆို...
အငွေ့တတောင်းထောင်း
ထနေတဲ့ ကော်ဖီအပူတစ်ခွက်ကို
မြင်ကြည့်လိုက်ပါ။ ကော်ဖီက ဦးနှောက်ဖြစ်ပြီး ကော်ဖီခွက်ကတော့ နှလုံးသား၊
ဒါမှမဟုတ် ခန္ဓာကိုယ်ပါ။ ကော်ဖီခွက်ကို ဒီအတိုင်းထားလိုက်ရင်၊ ဒါမှမဟုတ် အေးမြတဲ့ နေရာမှာ
ချထားလိုက်ရင် ကော်ဖီခွက်က အလိုလိုအေးသွားမှာဖြစ်ပါတယ်။ ဆိုလိုတာက သင့်လျော်တဲ့
ကြိုးစားအားထုတ်မှု၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ ရှင်သန်နေထိုင်မယ်ဆို
အပူမိနေတဲ့အတွေးတွေက ပျောက်ပြယ်သွားမှာပဲ။ ဒါပေမယ့် အောက်ကနေ မီးအပူပေးထားမယ်ဆို
ဘယ်ချိန်ထိကြည့်ထိကြည့် ပူနေမှာပဲ။ သောက်လို့မရအောင်ထိလည်း ပူနိုင်ပါတယ်။ ကော်ဖီခွက်ထိကြည့်ရင်လည်း
နည်းတူ ပူလောင်နေမှာပါ။ ပူလောင်လွန်းလို့ ကွဲအက်နာကျင်ရတဲ့ ကော်ဖီခွက်ရဲ့
အော်သံကို ငါတို့က မကြားဘဲ ဖြစ်သွားနိုင်ပါလားလို့ သဘောပေါက်မိတဲ့အခါ ဒီအတွေးတွေဟာ
မှန်ကန်တဲ့နည်းလမ်းနဲ့ လွှတ်ချနိုင်ဖို့ အရေးကြီးကြောင်း ပြောပြချင်မိတယ်။
ကျွန်မအနေနဲ့ကတော့
ကိုယ့်စိတ်ကို ပူလောင်ပြီး စိတ်ညစ်စေတဲ့ အတွေးတွေကို မတွေးရမနေနိုင်အောင်ဖြစ်နေတဲ့
အခြေအနေနဲ့ ကြုံရပြီဆိုရင် တွေးဖို့သက်သက်အချိန်ပေးလိုက်တယ်။ “ငါ နာရီဝက်တွေးမယ်၊ ပြီးရင် လုပ်စရာရှိတာ ပြန်လုပ်မယ်” အဲ့လိုပထမအဆင့်အနေနဲ့ စိတ်ကို လေ့ကျင့်ပေးလိုက်တယ်။
ကြိုးစားလည်း
မပျော်၊ လေ့ကျင့်လည်း မပျော်၊ အဲ့လို ဘယ်အရာပေါ်ကိုမှ မပျော်ရွှင်နိုင်တာမျိုးလည်း
ကြုံခဲ့ဖူးတယ်။ အဲ့လိုမပျော်လာတိုင်း လေ့ကျင့်မိတဲ့ အလေ့အကျင့်တစ်ခုလည်း ရှိသေးတယ်။ အတိတ်က
စိတ်လိုလက်ရပျော်ခဲ့ဖူးတာတွေကို ပြန်သတိရပြီး “သြော်...တကယ်တော့
ငါက အရင်က ပျော်ရွှင်ခဲ့ဖူးပါလား”ဆိုပြီး
တွေးမိပြီး အခုချိန်လည်း ငါက အဲ့လိုအချိန်ကလို ပျော်အောင် ကြိုးစားနိုင်တဲ့သူပါလားဆိုပြီး
သတိဝင်သွားတယ်။
လူတွေဆိုတာ
ပျော်စရာဆို နှစ်ခါမပျော်တတ်ပေမယ့် ဝမ်းနည်းစရာ အတွေးတွေ
စိတ်မကြည်မသာဖြစ်စေတဲ့အရာတွေပေါ်မှာ ထပ်ခါထပ်ခါ နာကျင်တတ်ကြတဲ့ လူ့သဘာဝကို
သတိရလိုက်တယ်။ ဒါ့ကြောင့် ဒါဟာ လူ့သဘာဝပဲလို့နားလည်လိုက်ပြီး
အနည်းငယ်စိတ်အေးသွားတာတော့ အမှန်ပါ။
ဒါ့ကြောင့်
အဖြစ်အပျက်တွေ မြန်ဆန်လွန်းတဲ့ ယနေ့လိုအချိန်မျိုးမှာ ပျော်စရာဆိုတာ အသေးအဖွားလေးကိစ္စနဲ့လည်း
ပျော်နိုင်ပြီး၊ ဝမ်းနည်းစရာ ပူပန်စရာကိစ္စတွေရှိရင်လည်း လူသားတစ်ယောက်ဖြစ်တာမို့လို့
ငိုချင်ရင်လည်း ငိုချလိုက်လို့ရကြောင်း သတိရစေချင်တယ်။
လူသားဆန်တဲ့
ခံစားချက်မှန်သမျှ အလုံအလောက်လက်ခံပေးပြီး လွှတ်ချချိန်တန်ရင်လည်း လွှတ်ချတတ်ဖို့
သင်ယူရပါတယ်။ အဲ့လိုလွှတ်ချလိုက်ပြီး လုပ်နေကြ ကိုယ်ပိုင်စက်ဝန်းထဲ ပြန်သွားနိုင်ခြင်းက
ကိုယ့်ကိုယ်ကိုယ် တာဝန်သိတတ်မှု တစ်ခုပါပဲ။
လူတွေဟာ
တစ်ခါတစ်လေ ရင့်ကျက်သန်မာမှဆိုပြီး လူ့ဘောင်အဖွဲ့အစည်းကို ကန့်သတ်မိတတ်ကြတယ်။ ကမ္ဘာကြီးရဲ့
တံခါးပေါက်မှာ “မငိုရ” ဆိုတဲ့ ဆိုင်းဘုတ်တောင် ချိတ်ထားလို့ရရင် ထားချင်ကြမှာ။
တကယ်တော့ ဒါဟာ ကမ္ဘာကြီးရဲ့ဆန္ဒမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ လူတွေကို အနားယူစရာနေရာတွေ၊
အပန်းဖြေလို့ကောင်းတဲ့ ရာသီဥတုတွေလည်း ဖန်တီးပေးထားတယ်မလား။ ဒါ့ကြောင့် ငိုချင်လည်း
ငိုလို့ရပြီး ကိုယ့်ငိုသံတွေကို အခြားသူ မမြင်မကြားစေချင်ရင်လည်း
မိုးရွာထဲငိုလို့ရအောင် မိုးရာသီတွေက ရှိနေပြန်တာသတိထားမိကြလား။
ကြိုးစားနေထိုင်ရင်း
ဘဝဟာ အမှောင်ဘက်ခြမ်းကိုရောက်လာတယ်လို့ ခံစားမိတဲ့အခါ ငိုချလိုက်တာက
အရည်အချင်းတစ်ခုလို့မပြောနိုင်ပေမယ့် ငိုပြီးရင် မျက်ရည်တွေသုတ်၊ ကိုယ့်စိတ်ကိုယ် ပြန်လည်တည့်မတ်နိုင်တာက
အရည်အချင်းတစ်ခုပဲလို့ နားလည်မိပြီး အဲ့ဒီအရည်အချင်းဟာ လူတိုင်းမှာ ပိုင်ဆိုင်
လို့ရကြောင်း ပြောပြချင်တယ်။
လူတွေက
ပျော်စရာတွေ၊ အောင်မြင်မှုတွေ၊ အကောင်းလောကဓံတွေနဲ့ ကြုံရရင်တော့ ကမ္ဘာကြီးက
နေချင်စရာကောင်းတယ်လို့တွေးမိပြီး ဝမ်းနည်းပူဆွေးစရာတွေ၊ နောင်တတွေနဲ့ရှင်သန်ရပြီး
အဆိုးလောကဓံတွေနဲ့ ကြုံရချိန်တော့ ကမ္ဘာကြီးက နေချင်စရာမကောင်းတော့ပြန်ဘူး၊
အသက်မရှင်ချင်တော့ဘူး ဆိုပြီး တွေးမိလိုက်ရင် ကတိမတည်တဲ့လူတွေ၊ အမျိုးမျိုးပြောင်းလဲနေတဲ့လူတွေဆိုပြီး
နာမည်တပ်ခံရမှာပေါ့။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ
တွေးမိပြီး မလွတ်မြောက်နိုင်သေးဘူးဆိုရင်တောင် အသက်ရှင်ရဖို့ ရအောင်ကျော်လွှားတာကလည်း
မိမိကိုယ်ကိုယ် တာဝန်ကျေခြင်းပါပဲ။ ဒါမှ ကျန်းမာရုံတင်မဟုတ်ဘဲ
ကြံ့ခိုင်မှုပါရှိတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်နိုင်မှာလို့ ယုံကြည်ပါတယ်။
နှလုံးသားနဲ့
ဦးနှောက်ဆိုတာ အရမ်းကို နုနယ်ပါတယ်။ ခြောက်လှန့်နေတဲ့ အတွေးဆိုးတွေကို
ရပ်သွားအောင် ဘာကြောင့် ကြိုးစားသင့်လဲဆိုရင် ရောက်လာသမျှ အတွေးအားလုံးကို
လက်ခံထားမိတဲ့ ဦးနှောက်က မသိပေမယ့်
ပင်ပန်းလာတဲ့နာကျင်မှုကို နှလုံးသားက ခံစားမိနေလို့ပါပဲ။