Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
သီတင်းကျွတ်ချိန်ခါ

Written by: Hnin Eain (U-Reporter)

မင်္ဂလာရှိလှတဲ့သီတင်းကျွတ်ချိန်ခါလို့ ပြောလိုက်တာနဲ့ မီးထွန်းပွဲတော်နဲ့အတူ အနော်ရထာမင်းကျေးဇူးကြောင့် ဖြစ်ပေါ်လာရတဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အတွင်းမှာသာကျင်းပတဲ့ ဆင်လှူပွဲတော် သို့မဟုတ် ဆင်က ပွဲတော် ကိုပါ တပါတည်း မြင်ယောင်မိပါသည်

ငယ်ငယ်က ဖေဖေနဲ့ အတူ ဖေဖေ့ပုခုံးပေါ်မှာထိုင်ပြီး လူအုပ်ကြားထဲတိုးပြီး ဆင်အကတွေ လိုက်ကြည့်ခဲ့ရတဲ့ အခိုက်အတန့်တွေဟာ တိုတောင်းလှပေမယ့် ရင်ထဲမှာသံမှိုရိုက်ထားသလို ကျန်ရစ်နေရပါတယ်သိပ်ငယ်လှတဲ့အချိန်ကာလဖြစ်ခဲ့တာမို့လို့ ဝိုးတဝါးမှတ်ဥာဏ်တွေတဖြစ်လဲ ပျောက်ကွယ်သွားမှာ စိုးရိမ်ခဲ့ရတာကြောင့် ခဏခဏ စိတ်ကူးယဥ်ကြည့်ရင်း အဖန်ဖန်တလဲလဲ တွေးတောကာ သိမ်းဆည်းထားရပါသော မှတ်ဥာဏ်တွေလည်း ဖြစ်ပါတယ်။

နေချိန်ခါ မှောင်ရီပျိုးစအချိန်မှစ၍ အိမ်ရှေ့လမ်းကြားလေးတွေထဲ ပလက်စတစ်ရောင်စုံ၊ ဝါး စသည်တို့နဲ့ အထူးပြုလုပ်ထားတဲ့ ရောင်စုံကားမီးပုံးလေးတွေကလဲ ဒီသီတင်းကျွတ်ကာလကို ပိုမို အသက်ဝင်စေပါတယ်။

ချစ်စရာကလေးတွေရဲ့ ရောင်စုံမီးပုံးကားဆွဲသံ တဂျီဂျီ ကလေးတွေရဲ့ ရယ်မောပျော်ရွှင်သံတွေက ဆူညံမှုအလျင်းမရှိဘဲ အရွယ်ရောက်ပြီးသား ကျွန်မအတွက် နဂိုရှိပြီးသား အပျော်တွေအပြင် ပိုသောပိုသော ကြည်နူးမှုတွေပါ ထပ်လောင်းရစေပါတယ်။

ထို့အတူ အရွယ်ရောက်ပြီးသားလူတွေပြောပြောတတ်တဲ့ အပူအပင်ကင်းတဲ့ကလေးဘဝက သီတင်းကျွတ်အချိန်မှာ ရွှင်ရွှင်မြူးမြူးပျော်ပါးခဲ့ရသည့် အကြောင်း တွေပါ တပါတည်း မြင်ယောင်မိပြန်ပါတယ်အခု ၂၃ နှစ်ရှိပြီဖြစ်တဲ့ ကျွန်မအဖို့တော့ ၁၀ နှစ်အရွယ်က ငါဟာ တကယ်အပူအပင်ကင်းခဲ့ရဲ့လားလို့ ပြန်မေးကြည့်ရမယ်ဆိုရင် ကလေးဆိုလည်း ကလေးနဲ့တန်တဲ့ အပူအပင်လေးနည်းနည်းတော့ ရှိခဲ့ကြတာပါပဲဆိုပြီး ပြန်ချေပမိမှာအမှန်ပဲ။ အခုအခါတော့ ပိုမိုကြီးမားတဲ့ အပူအပင်တွေကို မေ့ပြီး သီတင်းကျွတ်ချိန်ခါမှာ ခဏတာ ပျော်ရွှင်ချင်မိပါသေးတယ်။

အချိန်ကာလတွေ ဖြတ်သန်းပြီးနောက် သီတင်းကျွတ်ဆိုတာ ကလေးတွေအတွက် မမေ့နိုင်တဲ့ အမှတ်တရတွေ ဖန်တီးဖို့ လူကြီးတွေက တမင်တကာ ဖန်တီးပေးထားတဲ့ ပွဲတော်တစ်ခုလားလို့တောင် စဥ်းစားမိစေပါတယ်

လမ်းမတွေအိမ်တွေတံတားတွေဘုရားတွေ စသဖြင့် နေရာတွေမှာ မိသားစုတွေ ဒါမှမဟုတ် တစ်ခါမှမမြင်ဖူးတဲ့ မြို့တွေရပ်ကွက်ထဲက လူတွေ စုပေါင်းပြီး ဆီမီးတစ်ထောင်၊ ဆီမီးငါးထောင် တို့ ပူဇော်ထွန်းညှိရတာလည်း အခုလို သီတင်းကျွတ်ကာလမှာ မဖြစ်မနေမပျက်မကွက် ပြုလုပ်ကြ တဲ့ ဆီမီးအလှူတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

လူကြီးမိဘတွေက ဥပုဒ် သီတင်း ဆောက်တည်ကြပြီး ကုသိုလ်ယူကြသလို လူငယ်တွေကလည်း မိဘဆရာသမား အလုပ်ရာထူးကြီးအကဲတွေကို လက်ဆောင်ပစ္စည်းတွေနဲ့ ဂါရဝပြုကြတဲ့  ဓလေ့တစ်ခုလည်း ရှိနေပြန်သလို ကန်တော့ခံလူကြီးမိဘတွေထံမှ မုန့်ဖိုးတောင်းကြတဲ့ ချစ်စရာအခိုက်အတန့်တွေကလည်း ဓလေ့တစ်ခုအနေနဲ့ ရှိကြပြန်ပါသေးတယ်

သီတင်းကျွတ် ဆိုတာ တစ်နှစ်နေမှ တစ်ခါသာကြုံရတဲ့ ပွဲတော်ဆိုပေမယ့် ကြုံဆုံရတဲ့ ငယ်ဘဝ အမှတ်တရတွေဟာ များလွန်လှပါတယ် များလွန်းလို့ ဘယ်အရာကို အမှတ်တရအဖြစ်ဆုံး ကောက်ယူရမလဲဆိုရင် သီတင်းကျွတ်နဲ့ ပတ်သက်သမျှ အရာတိုင်းဟာ တန်ဖိုးရှိလွန်းလို့ အခိုက်အတန့်တိုင်းကို ရတနာမှတ်ဥာဏ်တစ်ခုလို့ပဲ တင်စားရတော့မှာပါပဲ

သီတင်းကျွတ်ရောက်ပြီနှင့်တပြိုင်နက် ကျောင်းအားလပ်ရက်ရှည်ပိတ်တဲ့ အချိန်လည်း ဖြစ်တာမို့ မိသားစုတွေနဲ့အတူ အားပါးတရ ခရီးထွက်ပျော်ပါးဖို့ အကောင်းဆုံးအချိန်လဲ ဖြစ်နေပြန်ပါတယ်။ ကျွန်မသည်လဲ လူထဲကလူပေမို့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်ရသော သီတင်းကျွတ်လပြည့်ညလေး တစ်ညကို ပိုင်ဆိုင်ချင်မိပါသေးရဲ့

သို့ပေမယ့် ချစ်ရတဲ့အဝေးရောက်မိသားစုတွေကို တမ်းတရင်း ဒီနှစ်တော့ ပြန်လည်မဆုံစည်းနိုင်ပေမယ့် နောက်လာမယ့် သီတင်းကျွတ်တွေမှာ မိသားစုစုံစုံညီညီနဲ့ မီးထွန်းပွဲတော်ကို ဆင်နွှဲနိုင်ဖို့ ဆုတောင်းရပါတော့မယ်

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo