Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
သူငယ်ချင်းဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြလဲ?

ဖအေမတူ အမေကွဲမောင်နှမတွေဆိုတာ ကျွန်တော်တို့ဘဝမှာ တကယ်ရှိပါတယ်။



ကကြီး၊ ခခွေးရေးတတ်စ ငယ်ငယ်ကလေးဘဝကတည်းက စပြီး အခုအချိန်ထိ ကျွန်တော်တို့ဘဝမှာ လူတွေအများကြီးနဲ့ တွေ့ဆုံကြုံကြိုက်ရပါတယ်။ ဘဝတစ်လျှောက်လုံး ကြုံဆုံရတဲ့သူတွေအများကြီးထဲကမှ ကိုယ်နဲ့ရင်ဘတ်ချင်းထပ်တူကျတဲ့သူတွေဟာ ခင်မင်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေအဖြစ် ဘဝရဲ့အရေးပါတဲ့အစိတ်အပိုင်းအသီးသီးမှာ နေရာယူလာကြပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှတ်ဉာဏ်အပိုင်းအစတစ်ခုကိုဆွဲထုတ်ကြည့်တဲ့အခါ ကျူရှင်လစ်ပြီးဂိမ်းဆိုင်ကိုခိုးသွားခဲ့တာတွေ၊ စတိတ်ကျောင်းမှာ သူငယ်ချင်းကိုအောင်သွယ်တော်လုပ်ပေးလို့အဆူခံရတာတွေ၊ universityမှာ Roll Call ခိုးထိုးပေးတဲ့သူငယ်ချင်းတွေ စတဲ့များစွာသောအမှတ်တရတွေဟာ  နှလုံးသားရဲ့ထောင့်တစ်နေရာမှာ ခိုဝင်နေဆဲပါ။ စိတ်မွန်းကြပ်မှုတွေကြုံလာတဲ့အခါ ကိုယ့်ရဲ့ရင်ဖွင့်သံကို  ပထမဆုံး နားထောင်ပေးတဲ့သူတွေဟာလည်း သူငယ်ချင်းတွေပဲဖြစ်သလို၊ တစ်သက်မမေ့နိုင်တဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေမှာ သူငယ်ချင်းတွေဟာအမြဲထိပ်ဆုံးကပါစမြဲပါ။ သူစိမ်းဆိုပေမဲ့ သူတို့ရဲ့ယုံကြည်မှုနဲ့တင်ရှေ့ဆက်ဖို့အားအင်တွေပြည့်နိုင်တဲ့သူမျိုးတွေပဲ ဖြစ်ပါတယ်။ ဘယ်ဘဝတွေဘယ်လောက်ပဲခက်ခဲပါစေ ကိုယ်ချစ်ရတဲ့သူတွေမရှိဘဲရှင်သန်ရတဲ့ဘဝဟာ အခက်ခဲဆုံးဖြစ်ပါလိမ့်မယ်။


ဒီလိုမျိုး တစ်ဝမ်းတည်းကမွေးတာမဟုတ်ဘဲ ညီကိုမောင်နှမတွေလို ဆက်ဆံရေးမျိုးနဲ့ နှလုံးသားထဲအထိနွေးထွေးမှုပေးနိုင်တဲ့ သူငယ်ချင်းအကြောင်း U-Reporter လူငယ်တွေရေးသားထားတဲ့ ခံစားချက်ရသစာစုတွေကို ဖော်ပြပေးလိုက်ပါတယ်။


Soul Mate

By Lin Phyu Phyu Thaw


သူငယ်ချင်းဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြလဲ?


ကိုယ့်အတွက်တော့ သူငယ်ချင်းဆိုတာ ကိုယ်အဆင်မပြေတာတွေကြုံနေရရင်တောင် သူငယ်ချင်းအတွက် အကောင်းဆုံးတွေးပေးတဲ့သူမျိုး၊ ကိုယ်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘေးနားမှာ အမြဲအားပေးနေတဲ့သူမျိုးလို့ ယူဆပါတယ်။ 


သူငယ်ချင်းလို့ ပြောလိုက်ရင် “online friend တွေက ယုံကြည်ရလား” ဆိုတဲ့ မေးခွန်းလေးကတော့ ကြားနေကြဖြစ်ပါလိမ့်မယ်။ ကိုယ့်အတွက်တော့ online ကနေစခဲ့တဲ့ သူငယ်ချင်းသံယောဇဉ် အများကြီးရှိပြီး ကံကောင်းတဲ့သူလို့ ဆိုရမလား။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က volunteer အလုပ်တစ်ခုစလုပ်ရင်း စသိခဲ့ရတဲ့ သူငယ်ချင်းရှိပါတယ်။ စတွေ့တဲ့အချိန်မှာတော့ သာမန် လုပ်ဖော်ကိုင်ဖက်တယောက်လိုပဲသဘောထားခဲ့သလို အကြိုက်ချင်းကလည်း ဆန့်ကျင်ဘက်ဖြစ်နေပြီး ကျွမ်းကျင်တဲ့နယ်ပယ်ချင်းလည်း မတူညီခဲ့ကြပါဘူး။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ သတိမထားမိလိုက်ခင်မှာတင် best friend ဆိုပြီးဖြစ်သွားခဲ့တယ်။ 


နေတဲ့ဒေသတွေမတူတဲ့ကြားထဲက အပြင်မှာ တွေ့ဖိုကြိုးစားပြီး အမှတ်တရတွေ အများကြီးဖန်တီးခဲ့ကြတယ်။ ရန်ဖြစ်တာတွေလည်း ရှိကြသလို အပြန်အလှန်အလျှော့ပေးကြရင်း၊ အဆင်မပြေတာတွေ မကျေနပ်တာတွေ ဝေမျှကြရင်း၊ ပျော်စရာတွေပြန်တွေးကြရင်း ကျော်ဖြတ်ခဲ့ကြတယ်။ ကိုယ့်စိတ်ဓာတ်ကျနေရင်တောင် သူ့ရဲ့အားပေးမှုတွေနဲ့ ပြန်ထနိုင်ခဲ့တယ်။ 


ဘယ်လိုသူငယ်ချင်းမျိုးပဲဖြစ်ပါစေ သူငယ်ချင်းဆိုတာ အကြိုက်တွေမတူကြရင်တောင် အရင်းအနှီးဆုံးအဖြစ်ဆက်ရှိနေကြပြီးတော့ ကိုယ်ဘာဖြစ်နေလဲဆိုတာကိုတောင် အလိုလိုသိနေကြတဲ့သူမျိုးပါ။ 


ကိုယ့်အတွက် ကောင်းမွန်တဲ့ သူငယ်ချင်းတွေရှိနေမယ်ဆိုရင် အမြဲတမ်း ဒီ relationship လေးကို ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်တိုင်လဲ သူငယ်ချင်းကောင်းဖြစ်ဖိုကြိုးစားရင်း သူငယ်ချင်းတွေအတွက်လည်း ကံကောင်းမှုတွေကို ဖန်တီးနိုင်ပေးနိုင်မယ်ဆိုရင် ရှင်သန်ရခြင်းမှာ အကောင်းဆုံး ဆုလာဘ်တစ်ခုကို ပိုင်ဆိုင်သွားနိုင်မှာပါ။


ပြန်တွေးလိုက်တိုင်း နွေးထွေးစေတဲ့ ဆက်ဆံရေးလေးတစ်ခု

By Grande


လူတိုင်းမှာ ဒီလိုဆက်ဆံရေးလေးရှိကြတယ်မဟုတ်လား?


"ချစ်တယ်"ဆိုတဲ့ စကားကို‌ထုတ်ပြောစရာမလိုဘဲ ခံစားမိစေပြီးတော့ ထုတ်ပြောမိခဲ့ပြန်ရင်လည်း အရမ်းအော်ဂလီဆန်ရတဲ့ဆက်ဆံရေးမျိုး... 


"သဝန်တိုတယ်"ဆိုတဲ့ ခေါင်းစဉ်မတပ်ထားပေမယ့် ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ အရမ်းပဏ္ဍာသင့်နေရင် မျက်စောင်းထိုးပြီး ဝမ်းနည်းရတဲ့ ဆက်ဆံရေးမျိုး... 


"စိတ်ကောက်တယ်လို့ ပြောလို့မရလောက်အောင်ကို ဒေါသတွေပါထွက်ပြီး တစ်ခါတစ်လေ အကြီးအကျယ်ရန်တွေဖြစ်ရတဲ့ ဆက်ဆံရေးမျိုး... 


"ပြတ်ကြရအောင်ဆိုတဲ့စကားကိုတော့ လုံးဝမပြောရပေမယ့် "နင်နဲ့ငါမခေါ်တော့ဘူး"ဆိုတာလေးနဲ့ပဲလည်း အခန့်မသင့်ရင် ပြတ်တောက်သွားနိုင်တဲ့ ဆက်ဆံရေးမျိုး... 


ရည်းစားမရှိတဲ့အခါတုန်းက ရည်းစားမရှိတဲ့သူရယ်လို့ ဟားတတ်ကြပေမယ့် ရည်းစားရသွားပြန်ရင်လည်း နာကျင်ရမှာဆိုးလို့ နင့်ရည်းစား အချိုးမပြေရင် ငါ့ကိုပြောနော်ဆိုပြီး ကာကွယ်ပေးတတ်တဲ့ဆက်ဆံရေးမျိုး... 


ကိုယ့်အတွက်တော့ "သူငယ်ချင်းဆိုတာ ဒီလိုဆက်ဆံရေးမျိုးပါ...။ 


ကိုယ်ရခဲ့တဲ့ သူငယ်ချင်းတွေဆိုတာ အတူတူအမှတ်တရတွေဖန်တီးမယ်၊ အတူတူပေါက်ကရတွေလုပ်မယ်၊ ရန်ဖြစ်ကြမယ်၊ ပြန်ချစ်ကြမယ်၊ တစ်ခုခုလုပ်ဖို့ ကြိုးစားပမ်းစားညှိနှိုင်းကြမယ်၊ ရယ်ကြမယ်၊ ငိုကြမယ်၊ အတူတူအသည်းကွဲပေးကြမယ်၊ နှစ်သိမ့်ပေးကြမယ်၊ တစ်ခါတစ်လေ ရယ်ချင်ရင်လည်းရယ်နေကြမှာပဲ။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် အဖုအထစ်တွေမထားဘဲ တစ်ရက်ပြီးတစ်ရက် အနားမှာရှိနေရင်း ဖြတ်သန်းကြတဲ့ လူတွေပေါ့။  ဘေးကကြည့်ရင် အမြင်ကတ်စရာကောင်းရင်ကောင်းနေနိုင်ပေမယ့် ကျွန်‌တော်တို့သူငယ်ချင်းအုပ်စုလေးမှာတော့ အကုန်ပေါတောတောနဲ့ပါပဲ။ အချင်းချင်းပဲ နစ်နစ်နာနာပြောရင်ပြောမယ်၊ တခြားသူက ကိုယ့်သူငယ်ချင်းကို ပြောတာမျိုးဆိုရင်တော့ ဆတ်ဆတ်ထိမခံနာတတ်ကြပြီး တစ်ယောက်ကို တစ်ယောက် မသိအောင်တစ်မျိုး၊ သိအောင်တစ်မျိုး ကာကွယ်ပေးတတ်ကြတဲ့သူ‌တွေပါ။


ကျွန်တော်တို့ သူငယ်ချင်း‌တွေ ဒီလိုနဲ့ဘဝကို ဖြတ်သန်းလာလိုက်တာ အသက်တွေ တဖြေးဖြေးကြီးလာပြီး လောကဓံတွေအမျိုးမျိုးကို ခံစားလာရပြီးမှာ အချင်းချင်း တွေ့ရတဲ့အချိန်တွေနည်းလာကြတယ်။ ကိုယ်စီကိုယ်စီ သက်ဆိုင်ရာတာ‌ဝန်တွေထမ်းဆောင်ကြရင်းနဲ့ ကိုယ်ကျင်လည်ရာ ‌နယ်ပယ်ဒေသတွေမှာ အပေါင်းအဖော်အသစ်တွေအသီးသီးရလာကြတယ်။ အချင်းချင်းတော့ သံယောဇဉ်မေတ္တာတရားတွေ ကျန်နေသေးတာမို့လို့ တွေ့ရတဲ့ခဏလေးတိုင်းမှာ အရင်က အမှတ်တရတွေကို ပြန်တွေးငေးကြရင်း ငါတို့ဒီလိုဖြတ်သန်းခဲ့ကြပါလားဆိုပြီး ဂုဏ်ယူရပြန်ရော။


တစ်ချို့တွေကလည်း လက်တွဲဖော်တွေနဲ့ ပျော်လို့...


တစ်ချို့တွေကလည်း အောင်မြင်မှုကိုယ်စီနဲ့ မော်လို့... 


တစ်ချို့တွေကြတော့လည်း သူငယ်ချင်းဆက်ဆံရေးကြားမှာ သူစိမ်းသူရံတွေကြောင့် အထင်တွေလွဲကြလို့... 


တစ်ချို့ကြတော့လည်း အပြန်အလှန်စကားလုံးအမှားတွေကြောင့် အမြင်တွေလဲကွဲလို့... 


တစ်ချို့တွေကတော့ နိုင်ငံရပ်ခြားမှာ ဘဝအတွက် တိုးတက်ရာလမ်းကြောင်းတွေရှာဖွေနေကြလေရဲ့…


ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ သူငယ်ချင်းဆိုတာ ဘဝရဲ့ ပျော်စရာတွေထဲမှာ အမြဲပါဝင်နေတတ်တဲ့ဆက်ဆံရေးမျိုး ပြန်တွေးလိုက်တိုင်း နောင်တမရှိပဲ ရင်ထဲမှာ မေတ္တာတရားတွေနဲ့ နွေးထွေးသွားစေတဲ့ ဆက်ဆံရေးမျိုးပါပဲ...။ 


ဝေးကွာသွားခဲ့တဲ့သူငယ်ချင်းအားလုံးလို သတိရလျက်... 


Rivalry

By Brown


သူငယ်ချင်း အချင်းချင်းပြိုင်ကြလား။ ကိုယ့်ရဲ့ rival နဲ့ရော သူငယ်ချင်းဖြစ်နိုင်လား။


ကျွန်တော့်အတွက်ကတော့ သူငယ်ချင်းအချင်းချင်းလည်း rival ဖြစ်နိုင်သလို၊ rival ဖြစ်နေရက်နဲ့မှ သူငယ်ချင်းလည်းဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်က ပြိုင်လို့ရတာမှန်သမျှ အကုန်လိုက်ပြိုင်ပြီး ဘယ်တော့မှ ဂနာမငြိမ်တဲ့လူ၊ သူကတော့ဆန့်ကျင်ဘက်ပဲ။ ကြိုးစားစရာမလိုဘဲနဲ့ တော်နေပြီးသား၊ နည်းနည်းတော့မာနထိတယ် ကိုယ့်မှာက အသားကုန်ကြိုးစားထားရတာကို။


ကျွန်တော်က သူနဲ့ စာတော်တာပြိုင်တယ်၊ အပေါင်းအသင်းများတာပြိုင်တယ်၊ အပြေးပြိုင်တယ်။အဲ့ လိုတစ်ဖက်သတ်ပြိုင်ပွဲတွေက နောက်ဆုံးကျောင်းပြောင်းပြီး သူနဲ့ထပ်မတွေ့ရတော့မှ အဆုံးသတ်သွားတာပဲ။ ကျောင်း‌အသစ်မှာလည်း သူ့အကြောင်းတွေနားစွင့်မိပါတယ်၊ သူတစ်ခုခု အောင်မြင်တဲ့သတင်းကြားရင် သူ့အတွက်၀မ်းသာတယ်၊ ကျွန်တော့်ရဲ့ နှစ်ယောက်မရှိတဲ့ သူငယ်ချင်းမဟုတ်လား၊ သူကြိုက်သလောက် အောင်မြင်ပါစေ ကျွန်တော့်ထပ် အရမ်းကြီးသာမနေရင်ပြီးတာပဲ၊ အရမ်းကြီးသာနေရင် ကျွန်တော်အမှီလိုက်ဖို့ အချိန်ကြာမှာလေ။


မတွေ့တာလေးငါးနှစ်ကြာပြီး ပြန်တွေ့တော့ သူပြောတယ်။ သူလည်း ကျွန်တော်သူ့ ထပ်သာသွားမှာကြောက်လို့ အရမ်းကြိုးစားခဲ့ရတယ်တဲ့လေ။ အခုပြန်တွေးရင် ကျေးဇူးတင်ချင်တယ်၊ သူကကျွန်တော့်ရဲ့ rival ဖြစ်ခဲ့ပေးလို့ သူ့ထပ်သာချင်တဲ့စိတ်နဲ့ နေရာတိုင်းမှာ ပိုပြီးကောင်းလာအောင် ကြိုးစားခဲ့တယ်မဟုတ်လား၊ သူ့ကိုမနိုင်ခဲ့ရင်တောင် မရှုံးခဲ့ဘူး။ သူနဲ့ကျွန်တော်က အမြဲ သရေပဲ။


Memories

By Phyo Phyo Lwin


လူတိုင်းမှာ မေ့ဖို့ကြိုးစားပေမယ့် ဘဝမှာ လုံးဝမေ့လို့မရတဲ့သူတစ်ယောက်တော့ ရှိဖူးကြမယ် ထင်ပါတယ်။ ကျွန်တော့်မှာလည်း ဘယ်လောက်ပဲ မေ့ချင်ယောင်ဆောင်ပါစေ၊ တိုက်ဆိုင်မှုတွေရှိလာတိုင်း တိတ်တိတ်လေး   သတိရလွမ်းဆွတ်နေတတ်တဲ့ “သူငယ်ချင်း” ဆိုတဲ့ သံယောဇဉ်လေးတစ်ခုရှိတယ်။ ငယ်ငယ်ကတည်းက အဖော်မက်တဲ့ ကျွန်တော့်အတွက်တော့ သူငယ်ချင်း‌ဆိုတာ ဘဝရဲ့အစိတ်အပိုင်းတွေထဲက မမေ့နိုင်တဲ့အမှတ်တရတွေ အတူတူဖန်တီးနိုင်ခဲ့တဲ့ ရပ်ဝန်းလေးတစ်ခု ဖြစ်ခဲ့တာပေါ့။


အတိတ်ကအကြောင်းတွေကို ပြန်အောက်မေ့ရရင် တက္ကသိုလ်ပထမနေ့ စာသင်ခန်းမှာ ဘေးချင်းကပ်ထိုင်ကြရင်း သူနဲ့ကျွန်တော် စသိခဲ့ကြတယ်။  ကျောင်းသွားကျောင်းပြန်အတူရှိကြရင်း သူငယ်ချင်းတွေဖြစ်လာခဲ့ကြတာပေါ့။ လူတိုင်းနဲ့မခင်တတ်ပေမယ့် ခင်မိပြီဆိုရင် အများကြီးသံယောဇဉ်တွယ်တတ်တဲ့ ကျွန်တော်အတွက်တော့ အကြိုက်တူ၊ ဝါသနာတူ၊ အကျင့်တွေတူတဲ့သူနဲ့ကတော့ တခြားသူငယ်ချင်းတွေထက်ပိုတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ကျောင်းတက်စဉ်တစ်လျှောက် စာကြည့်တိုက်သွားလည်းအတူ၊ မြို့ထဲလျှောက်သွားလျှောက်စားကြလည်း အတူတူ၊ အတန်းတွေလစ်ပြီး တောင်ပေါ်က ဘုရားတွေလျှောက်ဖူးလည်း အတူတူရှိကြရင်း ကျောင်းသားဘဝရဲ့ ပျော်စရာအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြတယ်။ 


မမျှော်လင့်ဘဲ COVID-19 ကပ်ရောဂါကြောင့် ကျွန်တော်တို့ရဲ့ပျော်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသား ဘဝဟာ တစ်ခန်းရပ်ခဲ့ကြရပြီး တစ်ယောက်တစ်နယ်စီ ဝေးကွာခဲ့ကြရပြန်တယ်။ အနာဂါတ်အတွက် အကောင်းဆုံးတွေကိုတွေးထားပြီး တစ်နေ့ကျောင်းတော်ကြီးမှာ ပြန်ဆုံကြမယ်ဆိုတဲ့စိတ်နဲ့အားတင်းကာ တစ်ယောက်နဲ့တစ်ယောက် အဝေးကနေ ဖေးဖေးမမ ရှိခဲ့ကြတယ်။ မိသားစုပြဿနာတွေရှိတာလည်း တူနေပြန်တော့ နှစ်ယောက်သား အွန်လိုင်းကနေတစ်ဆင့် အဆင်မပြေတာတွေကို အတူငိုကြရင်း ရင်ဆိုင်ဖို့အသင့်ပြင်လိုက်ကြ၊ အရင်က အတူရှိခဲ့တဲ့အမှတ်တရတွေ ပြန်တွေးရင်း ရယ်မောပျော်ရွှင်လိုက်ကြနဲ့ပေါ့။ ဒီလိုနဲ့ပဲ ဘဝရဲ့တစ်ဆစ်ချိုးမှာ နှစ်ယောက်သားက ကိုယ်စီအဆင်မပြေမှုတွေက အစပြုလို့ ကျွန်တော်တို့ရဲ့ friendship က တဖြည်းဖြည်အေးစက်လာခဲ့တယ်။ သူလိုအပ်ချိန်တစ်ခဏ မရှိပေးလိုက်မိတဲ့အချိန်မှာ နားလည်မှုတွေလွဲပြီး သူသတ်မှတ်ထားတဲ့ သူငယ်ချင်းဆိုတဲ့ စံနှုန်းကနေ ကျွန်တော့်ကိုဖယ်ထုတ်လိုက်တယ်။ ဒါတောင်မသိဘဲ စိတ်ဆိုးတုန်းခဏပဲ အရင်လိုပြန်ဖြစ်မှာပါလို့မျှော်လင့်ပြီး အမျိုးမျိုးတောင်းပန်ရှင်းပြခဲ့တာ။ ဘယ်လိုပဲ တောင်းပန်ပြီးရှင်းပြပြ၊ သူဟာ တစ်ခြားလူတစ်ယောက်လို ပြောင်းလဲသွားပြီး သူ့စိတ်ရင်းအမှန်တွေကို သူကိုယ်တိုင်ထုတ်ပြောလာမှပဲ ကိုယ်တိုင်လက်တွေ့သိခဲ့ရတယ်။  ကျွန်တော်ကသာ တုံးအခဲ့လို့ အရင်ကသူ့စိတ်တစ်ဖက်ခြမ်းကိုမသိခဲ့ဘဲ လိုသုံးကြီးဖြစ်နေပေးခဲ့ရတာ။ ဒါတောင် စိတ်မဆိုးနိုင်ဘဲ သူပြန်ခေါ်လာမယ့်အချိန်ကို စောင့်နေခဲ့ရင်း ဝေဝေးကလွမ်းနေခဲ့ရတာ အခုထိဆိုပါတော့။


ဒီလိုနဲ့ပဲသူဟာ မေ့မရတဲ့ဒဏ်ရာလေးအဖြစ် အမြဲအမှတ်ရနေမယ့် သူငယ်ချင်းလေးတစ်ယောက်အဖြစ် အမြဲရှိနေမှာပါ။ ကျွန်တော်အတွက်တော့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဆုံးရှုံရတာဟာ ဘာနဲ့မှမတူတဲ့ဝမ်းနည်းမှုမျိုးဖြစ်တာမို့ ကိုယ့်ကိုယ်ကိုမေးခွန်းတွေပြန်ထုတ်ရင်း friendship မှာဒီလိုမျိုးမကြုံရဖို့ သင်ခန်းစာယူဖြစ်တယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနဲ့ စိတ်မှန်တဲ့စိတ်ရင်းသာရှိမယ်ဆို ဘာပြဿနာတွေပဲကြုံလာကြုံလာ အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့ယုံကြည်တယ်။


ကျွန်တော်ဖတ်ဖူးတဲ့ စာတစ်ပုဒ်ထဲကလိုပဲ "ဘဝဆိုတာ ရထားတစ်စီးပေါ်ရောက်နေရသလိုပဲ။ ကိုယ်ဆင်းမယ့်မှတ်တိုင်ရောက်တဲ့အခါ ဆင်းသွားကြ။ တက်တဲ့သူကလည်း တက်လာကြ။ ကိုယ်တိုင်လည်း ဘယ်မှတ်တိုင်မှာ ဆင်းရမယ်မသိဘူး။ နောက်ထပ်လည်း ဘယ်သူတွေ ဒီရထားပေါ် တက်လာဦးမယ်မသိတာမို့သူငယ်ချင်းတွေနဲ့အတူရှိချိန်မှာ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု၊ ယုံကြည်မှုတွေအပြည့်အဝထားပြီး အမှတ်တရကောင်းလေးတွေဖန်တီးကြည့်ပါ။ ဘာတွေဘယ်လိုပဲ ကြုံလာပါစေ အတူဖန်တီးခဲ့တဲ့အမှတ်တရလေးတွေကတော့ ရင်ထဲမှာအမြဲရှိနေပါလိမ့်မယ်။


သူငယ်ချင်းဆိုတာ အကူအညီလိုတိုင်းပေးနိုင်သူတွေလား

By Aye Thit Thit Aung


သူငယ်ချင်းဆိုသော ဆက်ဆံရေးမှာ အိမ်ထောင်ရေးလို စာချုပ်နှင့် ချုပ်ချယ်မှုကင်းသလို မိသားစုမောင်နှမကဲ့သို့ သွေးသားဆက်နွယ်မှုကို အခြေခံ၍ ဖြစ်တည်လာသော ဆက်ဆံရေးမျိုး မဟုတ်ဘဲ လွတ်လွတ်လပ်လပ် တစ်ဘာသာအဖြစ် လူတိုင်းရဲ့ဘဝတွင် တည်ရှိနေခြင်းဖြစ်သည်။


ကိုယ်တိုင်က သူငယ်ချင်း လက်တစ်ကုပ်ပဲရှိတဲ့သူမို့လို့ သူငယ်ချင်းတွေကို တွယ်တာတဲ့သူမျိုးဖြစ်ပြီး ထိုသူငယ်ချင်းတွေမှာက တခြား နယ်ပယ်တူ ဝါသနာတူ သူငယ်ချင်းတွေရှိကြတဲ့အခါ တခါတရံ သူတို့က ကိုယ့်အတွက် အရေးပါသလောက် သူတို့အတွက် ကိုယ်က အရေးမပါဘူး ခံစားရတဲ့အခါမျိုးတွေ တွေ့ကြုံတတ်ပါတယ်။ ပိုဆိုးတာက ကိုယ့်ဆီက လိုချင်တာ၊ မျှော်လင့်တာ၊ အသုံးချချင်တာရှိလို့သာ အပေါင်းအသင်းလုပ်နေတယ်လို့ တွေးမိလာတဲ့အခါ အထီးကျန်ဆန်မှုရဲ့ ထိုးနှက်ခြင်းကို ခံစားရတယ်။ 


ကိုယ့်ဘက်က ဖက်တွယ်နေရခြင်းကို ငြီးငွေ့လာတဲ့အခါ အဖြေတစ်ခုအနေနဲ့ သူတို့ကို အပေါ်ယံပဲ ပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ သူတို့ လိုအပ်ချက်သာ ဆက် မဖြည့်ဆည်းပေးတော့ရင် အဆက်ပြတ်သွားမယ် အထင်နဲ့ ခပ်ကင်းကင်းနေဖို့ ကြိုးစားခဲ့တယ်။ တစ်ကောင်တည်း ဒါပေမဲ့ ခြင်္သေ့ဆိုတာမျိုးပေါ့။ သို့သော် တစ်ချို့ကို အခြေအနေအရ နေ့တိုင်းတွေ့နေရတာမျိုး၊ အချိန်ကာလ အတော်ကြာ သူငယ်ချင်းအဖြစ် ပေါင်းလာခဲ့ကြတာမို့ လုံးဝ ဘဝထဲက ရှင်းထုတ်မပစ်နိုင်တာမျိုး၊ ညှိမရတာတွေရှိပေမယ့် ဝါသနာတူ အကြိုက်တူ တစ်လမ်းတည်းလျှောက်နေတာကြောင့် သွေဖယ်မရတာမျိုးစသဖြင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်ဆက်နွယ်နေတာကြောင့် အခင်အမင်မပြတ်ဘဲ သူငယ်ချင်းဆက်ဆံရေးက ဆက်လက်တည်ရှိနေခဲ့တယ်။ သူတို့ဘက်က ကိုယ့်ကို ဂရုစိုက်ပေးဖို့ အာရုံစိုက်ပေးဖို့ကို မျှော်လင့်တာ နည်းလာပြီးနောက်ပိုင်း သူငယ်ချင်းဆိုတိုင်း အကူအညီလိုတာနဲ့ စူပါမင်းလို အနားရောက်လာပေးမှာ မဟုတ်ဘူး၊ ဇာတ်ကားတွေထဲကလို အမြဲတမ်း ကိုယ့်ဘဝရဲ့ ဇာတ်ရံဖြစ်နေပေးကြမှာ မဟုတ်ဘူးဆိုတာကို ကွက်ကွက်ကွင်းကွင်း သိလာခဲ့ရတယ်။ ကိုယ်တိုင်လည်း သူတို့အတွက် အမြဲတစေ ရှိနေပေးပြီး စိတ်အပင်ပန်းခံမယ့်အစား ကိုယ့်စိတ်အေးချမ်းမှုနဲ့ ကိုယ့်ကိုယ်ကျိုးကို ကာကွယ်ဖို့ စည်းထားတတ်လာခဲ့တယ်။ ထိုကဲ့သို့ သဘောထားစေကာမူ သူငယ်ချင်းဆိုသော ဆက်ဆံရေးမှာ ပဉ္စလက်ဆန်ဆန် မှော်အစွမ်း ပြတတ်ပါသေးသည်။  တစ်နေ့ အရေးကြုံ အခက်တွေ့နေတုန်း အဲ့ဒီသူတွေက ဒီတိုင်းရပ်ကြည့်မနေဘဲ ဖေးမမှုပေးတာကို မျက်မြင်ကြုံတွေ့ရချိန် ထိုအစွမ်းပကားကို သိခဲ့ရတယ်။ သူငယ်ချင်းတွေဆီ ကိုယ့်ခံစားချက်ကို ဖွင့်အန်ထုတ်တဲ့အခါ စိတ်လွတ်လပ်ပေါ့ပါးရတယ်။ ပြီးတော့ သူတို့ရဲ့ ဘယ်အမူအရာက ကိုယ့်ကို စိတ်ထိခိုက်စေလဲဆိုတာကို စိတ်တည်ငြိမ်တဲ့အခါ သေချာ ဖွင့်ပြောဖို့ အရေးကြီးတယ်။ ဒါမှ ရှေ့ဆက်ဖို့ အဖုအထစ်တွေ ကြားခံမနေမှာပါ။


သူငယ်ချင်းလို့ဘယ်အချိန်ကစသတ်မှတ်ခဲ့မှန်း မသိရင်တောင် ထိုသူ့အနားမှာ စိတ်လွတ်လက်လွတ်နေနိုင်ပြီး အရှိကိုအရှိတိုင်း ပြောပြနိုင်ခြင်းက ဘာနဲ့မှလဲလှယ်လို့မရတဲ့ သူငယ်ချင်းဖြစ်ခြင်းရဲ့ ဂုဏ်အင်လို့ သတ်မှတ်လိုပါတယ်။ သူငယ်ချင်း ဆက်ဆံရေးက လူတွေအတွက် အဖိုးတန်တဲ့အရာတစ်ခုပါ။

 

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo