Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
"ကိုယ့်ရဲ့ဝါသနာနဲ့လည်း သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ဖို့ ကူညီပေးနိုင်ပါတယ်"- Interview With Nay Lin Htun

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလို့ပြောတဲ့အခါ အများစုက သီးသန့်ထပ်ဆောင်းလုပ်ကိုင်ရမယ့်အလုပ်တွေလို့ ထင်မိတတ်ကြပါတယ်။ တကယ်တော့ ကျွန်မတို့ဝါသနာပါရာတွေလုပ်ရင်း၊ သဘာဝပတ်ဝန်းကျင်အတွက် ထည့်သွင်းစဉ်းစားလုပ်ကိုင်လိုက်ရုံနဲ့ကို ပတ်ဝန်းကျင်ကို ကူညီပေးလို့ရပါတယ်။


လူငယ်တယောက်ရဲ့ ဝါသနာတခုကလည်း သဘာဝပတ်ဝန်းကျင်ကိုကူညီပေးနိုင်တဲ့ Skill တခု ဖြစ်နိုင်တယ်ဆိုတာကို ဖိလစ်ပိုင်နိုင်ငံ YSEALI  Summit 2023 ရဲ့ GreenLens Photo Contest မှာ တတိယဆုရရှိခဲ့တဲ့ မြန်မာလူငယ်ဓာတ်ပုံပညာရှင် ကိုနေလင်းထွန်းနဲ့တွေ့ဆုံမေးမြန်းထားတဲ့ Interview လေးကို ဖတ်ကြည့်ကြရအောင်ပါ 🍃📷


◾ကိုယ့်ရဲ့ဓာတ်ပုံဝါသနာနဲ့ ဓာတ်ပုံစတင်ရိုက်ဖြစ်ခဲ့ပုံလေးပြောပြမိတ်ဆက်ပေးပါဦး။ 

◽ကျွန်တော် ဓါတ်ပုံစရိုက်တာကတော့ ၂၀၂၁ ကပါ။ 

ဖုန်းလေးတစ်လုံးနဲ့ပဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့နားက သာယာတဲ့နေရာတွေကို လိုက်ရိုက်ဖြစ်တာ။  အဲ့တုန်းကတော့ ဓါတ်ပုံပညာကို သေချာမလေ့လာခဲ့ရဘူးပေါ့။ ဒီတိုင်းပဲ ဝါသနာအရ မြင်ရာတွေ့ရာကို ဖုန်းတစ်လုံးနဲ့စရိုက်ဖြစ်ခဲ့တယ်။

၂၀၂၂ ကျမှ camera ဝယ်ပြီး ဓါတ်ပုံရိုက်တာကို တစိုက်မတ်မတ် လေ့လာဖြစ်သွားတာ၊ ကံကောင်းချင်တော့ ၂၀၂၃ မှာ ဆရာကောင်းရဲ့ လမ်းညွန်မှုနဲ့ ဓါတ်ပုံပြိုင်ပွဲလမ်းကြောင်းပေါ်ကို စရောက်လာခဲ့ပါတယ်။



◾ အခုဆုရသွားတဲ့ပြိုင်ပွဲဆိုရင် Environmental awareness ပေးဖို့အတွက် ရည်ရွယ်တဲ့ပြိုင်ပွဲတစ်ခုပေါ့နော်၊ ဒီလိုမျိုးဓာတ်ပုံပြိုင်ပွဲတွေထဲမှာရော ဘယ်လိုကြောင့် ပါဝင်ဖြစ်တာလဲ။

◽ကျွန်တော်ကိုယ်တိုင်ကသဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့လူငယ်တစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ ဓါတ်ပုံကိုကြည့်လိုက်တဲ့အခါ ကြည့်တဲ့လူတွေအနေနဲ့ “ဒါငါတို့ပတ်ဝန်းကျင်မှာ တကယ်ရင်ဆိုင်နေရတဲ့ပြသနာတစ်ခုပဲ” ဆိုတဲ့အတွေးတစ်ခုဝင်လာပြီး environment နဲ့ပတ်သတ်တဲ့ positive action တစ်ခုခုပြုလုပ်ဖြစ်ကြမယ်လို့ ယုံကြည်လို့ပါ။

နောက်ပြီး ကိုယ်ဝါသနာပါတဲ့ skill တခုနဲ့ သဘာဝပါတ်ဝန်းကျင်အတွက် တက်နိုင်တဲ့ဘက်က အထောက်အကူဖြစ်စေချင်တာလည်းပါတာပေါ့။


◾ ဆုရခဲ့တဲ့ဓာတ်ပုံနဲ့ပတ်သတ်ပြီး ဘယ်လိုရိုက်ဖြစ်တာလဲ၊ ရိုက်ကူးတုန်းကအတွေ့အကြုံနဲ့ ပြိုင်ပွဲအတွေ့အကြုံလေးတွေမျှဝေပေးပါဦး

◽ဆုရတဲ့ပုံကတော့ ကျွန်တော် mobile phone လေးနဲ့ရိုက်ခဲ့တဲ့ပုံလေးပါ။

ကျွန်တော့်ကို ပညာဒါနသင်ပေးတဲ့ Myanmar Photography Academy (MPA) ဆရာက ကျွန်တော်တို့ကို story telling ပုံစံ ဖန်တီးရိုက်ကူးခိုင်းတာပေါ့။ အဲ့အချိန်မှာကျွန်တော်စဥ်းစားမိတယ်  ပလစ်စတစ်အမှိုက်တွေက မြေစီလွှာကိုထိခိုက်စေရုံတင်မဟုတ်ပဲ ရေပေါ်ရေအောက် သတ္တာဝါတွေကိုလည်းထိခိုက်စေနိုင်တယ်လို့။ အဲ့တော့အတွေးတစ်ခုဝင်လာပြီး အရင်ကရိုက်ခဲ့ဖူးတဲ့ ရေပေါ်ရေအောက်ပုံစံလေးနဲ့ ယှဥ်တွဲပြီး ပလစ်စတစ်ကြောင့် ငါးလေးတစ်ကောင်က အပြစ်မဲ့ သေဆုံးသွားရတယ်ဆိုတာကို ပုံဖော်ပြီးရိုက်ကူးဖြစ်သွားတာ။

ရိုက်တုန်းကတော့ ကျွန်တော်တို့မြို့ကရေကန်မှာပဲရိုက်ဖြစ်ခဲ့ပါတယ်။  ရေပေါ်ရေအောက်ပုံစံလေးဖန်တီးမှာဖြစ်တဲ့အတွက် ငါးမွေးကန်ပုံစံ မှန်ဘောင်ကို ရေထဲနှစ်ပြီး ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်းကို ရိုက်ဖြစ်တာပေါ့နော်။ အခက်အခဲကတော့မှန်ဘောင်ကသေးသွားတော့ camera နဲ့မဆံ့ပဲဖုန်းလေးနဲ့ပဲရိုက်ဖြစ်လိုက်တယ်။ 


◾Environmental awareness ပေးဖို့အတွက် photography ရဲ့ အခန်းကဏ္ဍကိုဘယ်လိုမြင်လဲ?

◽လူတွေက သတင်းတွေ၊ စာတွေထက်စာရင် ကိုယ်တိုင်မျက်မြင်ဖြစ်တဲ့ ဓါတ်ပုံကျမှပိုယုံကြတာလေ။ ဓါတ်ပုံက သက်သေတစ်ခုလည်းရှိတဲ့အတွက်ကြောင့် ဓါတ်ပုံကိုကောင်းကောင်းဖော်ပြနိုင်လေ လူတွေရဲ့စိတ်ဝင်စားမှုပိုရလေပဲလို့ ကျွန်တော်ထင်တယ်။

ဥပမာ - Storytelling ဖြစ်တဲ့ ဓာတ်ပုံပညာက သဘာဝအလှကို ဖမ်းယူနိုင်သလို၊ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနဲ့  အကျိုးသက်ရောက်မှု‌တွေကိုလည်း ဖမ်းယူနိုင်တဲ့စွမ်းအားရှိတယ်။ သူတို့ကနေတဆင့် လူတွေကို “ကျွန်တော်တို့ကမ္ဘာမြေကြီးမှာ ဒီလိုတွေဖြစ်နေပြီ”  “ဒါတွေအတွက် action တစ်ခုခုလုပ်သင့်ပြီ” ဆိုတဲ့ message ကို ဖြန့်ဝေနိုင်တယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တာကလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် Awareness ပေးတဲ့နေရာမှာ ထိထိရောက်ရောက် အသုံးချလို့ရတဲ့ Green skill တခုဖြစ်မယ်လို့ထင်ပါတယ်။ 


◾လက်ရှိကြုံနေရတဲ့ environmental issues တွေကို ဓာတ်ပုံပညာနဲ့ဖော်ပြချင်တဲ့ ဝါသနာတူသူငယ်ချင်းတွေအတွက် ဘယ်လိုမျိုးအကြံပေးချင်လဲ?

◽စောနကပြောသလို ဓါတ်ပုံရိုက်တာကလည်း ကျွန်တော်တို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ skill တခုပေါ့နော်။ ကိုယ့်ဓါတ်ပုံကြောင့် awareness တွေပေးတဲ့အခါမှာ အထောက်အကူပြုသလို မှတ်တမ်းအနေနဲ့လည်း ကျန်ခဲ့နိုင်တယ်လို့ ထင်ပါတယ်။ ဓါတ်ပုံဆရာတစ်ယောက်မှမဟုတ်ပါဘူး လူငယ်တွေက ကိုယ့်ရဲ့ mobile phone နဲ့ပဲဖြစ်ဖြစ်၊ camera နဲ့ပဲဖြစ်ဖြစ် ပါတ်ဝန်းကျင်က ပြောင်းလဲမှုတွေ၊ ပျက်စီးယိုယွင်းလာတာတွေကို တခြားသူတွေသတိထားမိလာအောင်လုပ်ပေးလို့ရပါတယ်။ 


အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo