အလွမ်းနှစ်သစ်
စာရေးသူ - ကောင်းမြတ်ကျော် (U-Reporter)
ဒီနေ့ဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့။
အခု ဒီစာကို သန်းခေါင်မတိုင်မီ မိနစ်အနည်းငယ် အလိုလေးမှာ ရေးနေခဲ့တာ ဖြစ်ပါတယ်။ ဒီခဏတာ အချိန်တိုလေးအတွင်းမှာ ၂၀၂၃ ခုနှစ်က ဆုံးခန်းတိုင်ပါတော့မယ်။ Facebook မှာ ဘာပဲတင်တင် အကုန် ၂၀၂၄ နေ့စွဲနဲ့ပဲ ဖြစ်တော့မယ်။ ကိုယ့်မှတ်စုစာအုပ်လေးရဲ့ စာမျက်နှာသစ်တွေမှာလည်း ၂၀၂၄ နေ့စွဲနဲ့ပဲ နှစ်ပါးသွားရတော့မယ်။ ၂၀၂၃ ဆိုတာ ကိုယ်နဲ့မဆိုင်တော့တဲ့ ex လိုပဲ အမှတ်တရတွေနဲ့ တယုတယ တွယ်တာနေလည်း ပတ်သက်ပိုင်ခွင့် မရှိတော့ပြီပဲ။
"ဟာ...နှစ်သစ်ကိုကြိုတဲ့ စာကြီးက လွမ်းသံ၊ ဆွေးသံ၊ နောင်တသံကြီးနဲ့ပါလား" လို့စောဒကတက်ရင်လည်း မငြင်းနိုင်။ အခုဖြစ်နေတဲ့ ခံစားချက်က ဇာတ်လမ်းတစ်ပုဒ်ရဲ့အဆုံး အပိတ်စာတန်းထိုးရင် ရတဲ့ခံစားချက်မျိုး။ ဒီမှာမတူတာက ဘယ်လိုဇာတ်လမ်းမျိုးဖြစ်ဖြစ် စင်ပေါ်မှာ ကပြနေတာ ကိုယ်ကိုယ်တိုင်ပဲဗျ။ အဲ့တော့ သုခ၊ သောကမျိုုးစုံ ရောပြွမ်းနေတဲ့ ကိုယ့်ရဲ့ဇာတ်လမ်းလေး တစ်ခန်းရပ်နှုတ်ဆက်ရတော့မှာဆိုတော့ အနည်းနဲ့အများ လွမ်းဆွေးစိတ်တော့ဖြစ်မိတာ အမှန်ပါပဲ။
ပြောရရင် တစ်နှစ်တာလုံး ကိုယ်နဲ့အသားကျနေခဲ့တဲ့ ချစ်၊ ပျော်၊ မုန်း၊ ဆွေး အမှတ်တရတွေရဲ့ အဝေးထွက်သွားရတော့မယ်။ နောက်ပြီး ၂၀၂၃ခုနှစ်အတွက် Plan ချခဲ့တဲ့ Goal တွေဆိုတာလည်း တဝက်တပျက်နဲ့ နောက်နှစ်စာရင်းထဲ ထည့်ပေါင်းရတော့မယ်။ နှစ်ကုန်ခါနီးမှ ကိုယ်တစ်နှစ်လုံး ဘယ်လောက် အလေလိုက်နေခဲ့လည်းဆိုတာ ကွင်းကွင်းကွက်ကွက်မြင်လာရတယ်။ နှစ်သစ်ရောက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့တောင် ခံစားလာရတယ်။ ဖြစ်နိုင်ရင် "ကန့်လန့်ကာကြီးရယ် စောင့်ပါအုန်း" ဆိုပြီးတောင် နှစ်ဟောင်းပိတ်ကားမချသေးအောင် တောင်းပန်ချင်တာ။ ဒီဇာတ်တစ်ထုတ်နဲ့တင် ကမနိုင်၊ လွမ်းမနိုင်၊ ဆွေးမနိုင် ဖြစ်နေရတာ။ နောက်ဇာတ် ဖွင့်ဖို့တော့ ဝေးစွ၊ ဝေးစွ တဖွဖွဆိုနေချိန်မှာပဲ...
"HAPPY NEW YEAR!" ဆိုတဲ့ အိမ်နီးနားချင်းတွေရဲ့ နှစ်သစ်ကြိုသံစူးစူးက ကျွန်တော့်ကို နိုးတဝက်အိပ်မက်ကနေ လှုပ်နှိုးပစ်လိုက်တယ်။
ဒီတော့မှ ကိုယ်ရောက်ဖို့ တွန့်ဆုတ်နေတဲ့ ၂၀၂၄ နှစ်သစ်ဟာ ကိုယ့်အလိုလည်းမပါ ကိုယ့်ခွင့်ပြုချက်လည်းမယူဘဲ ကိုယ့်ဘဝထဲ တိုးလို့ဝင်လာမှန်း သတိပြုမိတော့တယ်။ ဒီတော့ခါမှ အသိတရားဝင်လာပြီး ကိုယ် ဘယ်လိုရူးမှန်းသိတော့တယ်။ ကိုယ်ဆွဲကိုင်ထားတိုင်းလည်းမရ၊ ကိုယ်စွန့်ချင်တိုင်းလည်းမရတဲ့ အချိန်စက်ဝန်းကိုတောင် ပုဂ္ဂလိကစိတ်ကပ် အတ္တပိုက်ပြီး ကိုယ့်အပိုင်လုပ်ချင်နေခဲ့တာပဲ။
ဒီလိုလေး အသိတရားဝင်မှ ရင်လေးလေးနဲ့ သက်ပြင်းယဲ့ယဲ့ချပြီး ကိုယ့်စိတ်ကိုယ်ပြန်စုစည်းကြည့်လိုက်တယ်။ သိပ်တော့လည်း မလွယ်ပါ။ သို့သော်လည်း မတက်နိုင်ဘူး။ အတိတ်မှာပဲ နေခဲ့လို့မဖြစ်။ အမှတ်တရတွေမှာပဲ ယစ်မူးပြီးနေရင် အနာဂတ်ပျောက် ဖြစ်သွားမှာစိုးမိတယ်။
တစတစကျိုးပျက် လွင့်ပြယ်နေတဲ့ စိတ်တွေကို တဖြည်းဖြည်း ပြန်တည်ဆောက်ရင်း နှစ်သစ်မှာ အဓိဋ္ဌာန်သစ်ချလိုက်တယ်။ ကိုယ့်အခြေအနေကိုယ်သိတော့ သူများတွေလို ကြီးကြီးမမှန်းခဲ့ဘဲ ရိုးရိုးလေးနဲ့ အလိုအပ်ဆုံးအရာကိုပဲ မှန်းလိုက်မိတယ်။ ဒါဟာ "New Year" ဆိုတာရဲ့ရှေ့လေးမှာ "Happy" ဆိုတာ ထည့်ပေါင်းနိုင်ဖို့ပါပဲ။ ပထမအဆင့်ကတော့ သူ့အလိုလိုပြီးသွားပြီ။ "Happy" ဖြစ်ဖို့ကတော့ ကျွန်တော့်တာဝန်ပဲကျန်တော့တယ်။ အာမခံနိုင်သေးပေမယ့် ဖြစ်မြောက်နိုင်မယ်လို့တော့ မျှော်လင့်မိတယ်။
မရေရာတဲ့ အရာပါလား၊ အနာဂတ်ဆိုတာ ဒါမျိုးလား၊ မဖုတ်ရသေးတဲ့ အိုးလိုပဲ ပုံစံမသွင်းရသေးတော့ အရာရာဟာ ဖြစ်နိုင်နေသေးတာပဲ။ အဲ့လိုအတွေးလေးက ထူးထူးဆန်းဆန်း စိတ်လန်းဆန်းပြီး ခွန်အားဖြစ်စေတယ်။ ဒါနဲ့ပဲ “Happy New Year” ဆိုတာလည်း ဖြစ်ကိုဖြစ်ရမှာ ဆိုပြီး ဆုလည်းတောင်းမိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ကတိပေးမိတယ်။
ကျွန်တော်တင်မကပဲ လူတိုင်းလူတိုင်းလည်း "Happy" ဖြစ်တဲ့ "Happy New Year" ဖြစ်ပါစေကြောင်း လှိုက်လှဲပြင်းပြစွာ ဆုတောင်းလိုက်ပါတယ်ဗျ။