Poll Results Stories U-Report အကြောင်း ပါဝင်ဆောင်ရွက်မှု အစီရင်ခံစာများ Data Privacy Policy ယခု ပူးပေါင်းပါ
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
သတင်းဆောင်းပါး
Beating Plastics: U-Reporters from Myanmar talk about Solutions to Plastic Pollution (Burmese)

"တစ်နိုင်ငံလုံးက U-Reporter လူငယ်တွေ တွေပြောလာတဲ့ ပလတ်စတစ် လျော့ချရေးအတွက် ဖြေရှင်းနည်းများ"

Written By - Edison Htun (U-Reporter)


ပလတ်စတစ်ပစ္စည်းတွေဆိုတာ ကျနော်တို့ ပတ်ဝန်းကျင်နေရာတိုင်းမှာ ရှိနေတဲ့ အရာတွေဖြစ်ပါတယ်။ ကျနော်တို့ မီးဖိုချောင်တွေ၊ အိမ်တွေ၊ နေ့စဥ်သုံးပစ္စည်းတွေကအစ စားသောက်ဆိုင်တွေကနေ ပါဆယ်မှာတာတွေအဆုံး ပါဝင်နေ၊ တွေ့မြင်နေရတော့ ပလတ်စတစ်ပစ္စည်းတွေဟာ ကျနော်တို့တွေရဲ့ နေ့စဥ်ဘဝမှာ အမြဲမပါမဖြစ်၊ မသုံးမဖြစ်အရာတွေလို့တောင် ခေါ်လို့ရနေပါပြီ။ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့မှာ မေးခဲ့တဲ့ ပလတ်စတစ်လျော့ချရေးနဲ့ ပတ်သက်တဲ့ U-Report မေးခွန်းမှာလည်း U-Reporter ၂၀၀၀ ကျော်က သူတို့အနေနဲ့ တစ်ရက်ကို ပလတ်စတစ်ပစ္စည်းတွေကို ပျမ်းမျှ ၅ခုအထိ နေ့စဥ်အသုံးပြုဖြစ်နေတယ်လို့ ဖြေဆိုထားကြပါတယ်။

ပလတ်စတစ်ပစ္စည်းတွေ လိုတာထက် ပိုသုံးတာကနေ ကျနော်တို့ ပတ်ဝန်းကျင်အတွက် ပလတ်စတစ်အမှိုက်တွေလည်း အများကြီးရှိလာရပါတယ်။ အဆိုပါ U-Report မေးခွန်းမှာပဲ U-Reporter ၂၀၀၀ ဝန်းကျင်က ရှော့ပင်းစင်တာတွေ၊ ကုန်စုံဆိုင်တွေ၊ အွန်လိုင်းရှော့ပင်းတွေ၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေက ပလတ်စတစ်ပစ္စည်းတွေကို အလွန်အကျွံသုံးနေကြတယ်လို့ ထင်မြင်ချက်တွေ ပေးခဲ့ကြသလို ၇၆% ကလည်း ပလတ်စတစ်အမှိုက်တွေက သူတို့ပတ်ဝန်းကျင်မှာ အများဆုံးတွေ့နေရပါတယ်လို့ ပြောထားကြပါသေးတယ်။

“ကျမအနေနဲ့ ပလတ်စတစ်ပစ္စည်းတွေကို နေ့တိုင်း သုံးဖြစ်နေသေးတယ်။ နေရာတိုင်းမှာလည်း ရှိနေတဲ့အပြင် လွယ်လွယ်ကူကူရနေလို့ သုံးဖြစ်နေတယ်” လို့ ရန်ကုန်က U-Reporter တစ်ယောက်ဖြစ်တဲ့ ဆုဆုက ပြောထားပါတယ်။ “အအေးသောက်တဲ့ ပလတ်စတစ်ပိုက်တွေဆိုလည်း တခြား ဝါးပိုက်တွေ၊ ဖန်ပိုက်တွေထက် ပိုပြီး သုံးရလွယ်တယ်။ ပြီးတော့ အဲ့လို ပြန်သုံးလို့ရတဲ့ အအေးသောက်တဲ့ ပိုက်တွေက ရန်ကုန်လို မြို့ပေါ်မှာတောင် လွယ်လွယ်နဲ့ ရှာဝယ်လို့ မရသလို စျေးလည်း ကြီးတယ်” လို့လည်း ထပ်ဆောင်းပြောထားပါသေးတယ်။

သူမလိုပဲ U-Reporter ၃၆%ကလည်း နေ့စဥ်သုံးပစ္စည်းတွေက ပလတ်စတစ်နဲ့လုပ်ထား၊ ထုပ်ပိုးထားလို့ သူတို့အနေနဲ့ ပလတ်စတစ်လျော့သုံးဖို့ဆိုတာ ခက်ခဲနေသေးတယ်လို့ ဖြေဆိုထားတာကို တွေ့နိုင်ပါတယ်။ အလားတူပဲ ၁၁%ကလည်း ပလတ်စတစ်အစားထိုးပစ္စည်းတွေအနေနဲ့ စျေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူဝယ်ယူအသုံးပြုလို့မရနေကြောင်း ဖြေဆိုထားပါတယ်။ ဒါ့အပြင် U-Reporter ၂၀၀၀ ကျော်ကလည်း ကျနော်တို့ ပတ်ဝန်းကျင်မှာ ပလတ်စတစ်အသုံးချမှုလျော့ချဖို့ဆိုရင် ပလတ်စတစ်အစားထိုးပစ္စည်းတွေကို လူတိုင်းလက်လှမ်းမှီအသုံးပြုနိုင်အောင် လုပ်ဆောင်သင့်တယ်လို့ ထင်မြင်ချက်တွေ ဖြေဆိုထားပါသေးတယ်။

ပလတ်စတစ်အသုံးပြုမှုလျော့ချဖို့ဆိုတာ လက်တွေ့မှာတော့ ထင်သလောက် မလွယ်ကူဘဲ ရှိနေပါသေးတယ်။ ဒါပေမယ့် ပလတ်စတစ်ပစ္စည်းတွေဟာ ကျနော်တို့ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ လူတွေ ကောင်းကောင်းနားလည်သဘောပေါက်လာကြတော့ အခုနောက်ပိုင်းမှာတော့ ပလတ်စတစ် အသုံးပြုတာတွေ လျော့ချဖို့အတွက် အချင်းချင်းအသိပညာပေးတာတွေ၊ ပလတ်စတစ်အစား အခြားနည်းလမ်းတွေ အစားထိုးအသုံးပြုဖို့ လှုံ့ဆော်တိုက်တွန်းတာတွေ လုပ်လာကြပြီဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေအနေနဲ့ ပြန်လည်အသုံးပြုတာ (Recycle)၊ ပြုပြင်ပြောင်းလဲအသုံးပြုတာ (Repurpose) စတဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ပိုပြီး လုပ်လာကြတာတွေ့နိုင်ပါတယ်။ ချည်လွယ်အိတ် (Tote-bag) တွေ၊ ပြန်လည်အသုံးပြုလို့ရတဲ့ စျေးဝယ်အိတ်တွေ၊ ရေဘူးတွေ စတဲ့ ပလတ်စတစ်ပစ္စည်းအစားထိုး အသုံးအဆောင်တွေကို လူငယ်တွေရဲ့ နေ့စဥ်ဘဝမှာ ပိုပြီး အသုံးပြုလာကြပါတယ်။ အခုလို လူတွေရဲ့ တစ်ကိုယ်ရည်လုပ်ဆောင်မှုတွေအပြင် NGO အဖွဲ့အစည်းတွေဆီက လူထုအသိပညာပေးမှုတွေ၊ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုနဲ့ အသုံးပြုမှုအပေါ် သေချာကြပ်မတ်နိုင်တဲ့ ထိန်းချုပ်မှုတွေ ပိုပြီးရှိလာခဲ့မယ်ဆိုရင် ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ပျက်စီးညစ်ညမ်းမှုကို လျော့ချပပျောက်အောင် လုပ်ဆောင်မယ်ဆိုတာ လူတိုင်း ရေရှည်အတွက် အားစိုက်ထုတ်လုပ်ဆောင်ရမယ့်၊ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် ရည်မှန်းချက်တစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုအတွက် လူငယ်အသံများကို ကျွန်ုပ်တို့ မည်သို့ ပါဝင်စေနေသည်ကို ကိန်းဂဏန်းများဖြင့် ကြည့်ရှုပါ။
ပါဝင်ဆောင်ရွက်မှုကို လေ့လာရန်
UNICEF logo