Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
လူငယ်နဲ့ အင်တာနက် - နှစ်ဖက်ချွန်တဲ့ ဓားတစ်လက်

စိတ်ကျန်းမာရေးကိုမထိခိုက်စေမယ့် ရိုးရှင်းလွယ်ကူသောအွန်လိုင်းအသုံးပြုနည်း ၅ နည်း။

စာရေးသူ - မေသူခင်



လူသားတိုင်း နေ့စဉ်ရက်ဆက် ထိတွေ့နေတဲ့ အင်တာနက်ဟာ နှစ်ဖက်ချွန်တဲ့ ဓားတစ်လက်လိုပါပဲ... ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုဖို့၊ သင်ယူလေ့လာဖို့နဲ့ အရေးကြီးတဲ့အရာတွေကို မျှဝေဖို့အတွက် အရမ်းအသုံးဝင်ပါတယ်လို့ပြောနေပေးမယ့် တစ်ဖက်မှာ ငြင်းပယ်လို့မရတဲ့ ဆိုးကျိုးတွေက လက်ချိုးရေလို့မရပါဘူး။

ဒီလို အစွမ်းထက်တဲ့ လက်နက်တစ်ခုဖြစ်တဲ့ Internet ကို ကျွန်မတို့အားလုံး နည်းမှန်လမ်းမှန်နဲ့ရော အသုံးပြုနေမိရဲ့လား?

ကျွန်မကတော့ ကောင်းကျိုးဆိုးပြစ်ဖြစ်တဲ့နေရာမှာ ရာခိုင်နှုန်းအများစုက အသုံးပြုနေတဲ့သူတွေ အပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်ပါတယ်။

ကျွန်မတို့ရဲ့ မသိစိတ်မှာ လူတစ်ယောက်က အချိန်နဲ့ တပြေးညီထွက်ပေါ်နေတဲ့ အင်တာနက် သတင်းတွေကို အမြဲလိုစောင့်ကြည့်သိရှိနေမှ၊ နာမည်ကြီး၊ ခေတ်စားနေတဲ့ ရေစီးကြောင်းအတိုင်း အမြဲလို လိုက်နေနိုင်မှ လူရာဝင်တယ်ဆိုတဲ့ အသိတွေကို အနည်းနဲ့အများဖြစ်ပေါ်နေတတ်ပါတယ်။ အဲဒီအပြုအမူနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ၊ အားကျမနာလိုစိတ်တွေ အထီးကျန်လာတာ ဝမ်းနည်းစိတ်အားငယ်မှုတွေဖြစ်လာတာ၊ လူတွေနဲ့ဆက်ဆံရမှာ စိုးရိမ်ကြောင့်ကြတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ကျွန်မတို့ဟာ အကောင်းထက် အဆိုးတွေပိုများလာတာကိုသတိပြုမိဖို့လိုပါတယ်။

ဒါ့ကြောင့် ဖေဖေါ်ဝါရီလ ၈ရက်နေ့ကို  Safer Internet Day လို့သတ်မှတ်ပြီး ပိုမိုကောင်းမွန်လုံခြုံတဲ့အင်တာနက် အဝန်းအဝိုင်းလေးဖြစ်ဖို့ လှုံ့ဆော်ကြတာကိုလည်းတွေ့ရပါတယ်။ ဒီတော့ အင်တာနက်သုံးတဲ့အခါ ကိုယ့်ရဲ့စိတ် ကျန်းမာရေးကို ကာကွယ်ဖို့အတွက် လိုက်နာလို့ရအောင် အချက် ငါးချက်ကို ဝေမျှပေးလိုက်ပါတယ်။

၁။ သတင်းဆိုးများကို ဆက်တိုက်ကြည့်ရှုခြင်းမှ ရှောင်ကြဉ်ပါ။

Social Media နဲ့ အင်တာနက် သတင်းတွေက ကိုယ့်ရဲ့ စိတ်ခံစားချက်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိတာကို ဆန်းစစ်ကြည့်ပါ။ငါဘာလို့အင်တာနက်/လိုင်းသုံးတာလဲ”လို့ ကိုယ့်ကိုကိုယ်ပြန်မေးပါ။ အွန်လိုင်းမှာ ကုန်ဆုံးနေတဲ့ ကိုယ့်အချိန်ကို ထိန်းချုပ်ကန့်သတ်ထားမယ်ဆို ပိုမိုအထောက်အကူ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကို စိတ်မကောင်းဖြစ်စေနိုင်တဲ့ လူမှုကွန်ယက်စာမျက်နှာနဲ့ အကြောင်းအရာတွေကို လျစ်လျှုရှုပါ။ ဒါမှမဟုတ် လျှော့ကြည့်သင့်ပါတယ်။ အင်တာနက်ပေါ်က အရာတိုင်းက အစစ်အမှန်မဟုတ်ပေမယ့် သူတို့ကြောင့် ကိုယ့်အပေါ်အကျိုးသက်ရောက်မှုကတော့ တကယ်ဖြစ်လာနိုင်တာမို့ ဂရုစိုက်သင့်ပါတယ်။

၂။ သတိရှိပါ။ (ကိုယ့်အတွက် Positiveဖြစ်တဲ့ အရာများကို သတိထားမိပါ။)

ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်မှာ စိတ်ကျန်းမာရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေတဲ့ ဆောင်းပါးများနှင့် Video များစွာ ရှိနေပြီ ဖြစ်ပါတယ်။ ကိုယ့်ကို စိတ်အားတက်ကြွစေတဲ့ အကြောင်းအရာတွေကိုတင်ပေးတတ်တဲ့၊ တင်ဆက်သူတွေကို follow/Like ပြုလုပ်ထားသင့်ပါတယ်။ အခုဆိုရင် လိုင်းပေါ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်သော ဗဟုသုတများသာမက စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကိုပါ ရယူနိုင်နေပြီဖြစ်ပါတယ်။

https://www.facebook.com/1676444222644090/posts/2995420624079770/  (Mental Health Support Myanmar)

၃။ Onlineပေါ်တွင် ကိုယ့်ကိုကိုယ်နှင့် အခြားသူများကို ကာကွယ်ပါ။

ကိုယ့် လူမှုကွန်ယက်ပေါ် ရှိ ကိုယ်ပိုင်လျှို့ဝှက်အချက်အလက်တွေရဲ့ လုံခြုံမှုကို အမြဲလိုလို စစ်ဆေးသင့်ပါတယ်။ ကွန်ပျူတာတွင်ပါရှိသော ကင်မရာများကို အသုံးမပြုပါက ဖုံးကာထားသင့်ပါတယ်။ အင်တာနက်ပေါ်ရှိ appများနှင့် ဝန်ဆောင်မှုများတွင် မိမိ၏ အမည်၊ နေရာလိပ်စာနှင့် ဓာတ်ပုံတို့ကို ပေးရမည်ဆိုပါက အထူးသတိပြုသင့်ပါတယ်။ ဒါ့အပြင်ကို အင်တာနက်ပေါ်တွင် ကိုယ့် မိတ်ဆွေသူငယ်ချင်းများက အဆင်မပြေဖြစ်နေသည်ဟု ယူဆရပါက၊ တတ်နိုင်သလောက် ကူညီပေးသင့်ပါတယ်။

https://www.facebook.com/1676444222644090/posts/3018415135113652/ 

(စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေကို ဘယ်လိုစကားစပြောမလဲ)

https://www.facebook.com/1676444222644090/posts/2997674783854354/  (Digital Safety)

၄။ ကြင်နာပါ။

စိတ်အားတက်ကြွစေပြီးအခြားသူများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး လူမှုကွန်ယက်တွေကို အသုံးပြုသင့်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ ကိုယ်သုံးတော့မယ့် စကားလုံးတွေနဲ့ မျှဝေလိုတဲ့ အကြောင်းအရာတွေကို မတင်ခင် သေချာ စဉ်းစားသင့်ပါတယ်။ ကိုယ့်ကစ ကိုယ်ချင်စားတရားထားရှိပြီး အမုန်းမပွားဘဲ တပါးသူတွေကို ချစ်ခြင်းမေတ္တာတွေ မျှဝေလိုက်ပါ။

၅။ လက်ရှိအချိန်နှင့် အပြင်လောကတွင်လည်း နေထိုင်ပါ။

အခုအခါမှာ အင်တာနက်နဲ့ ကိုယ့်နေ့စဉ်ဘဝက ဝေခွဲမရအောင် ဖြစ်လာတတ်ပြီး လက်ရှိအချိန်မှာ ပျော်ရွှင်စွာနေထိုင်ဖို့၊ အပြင်လောက ကလူတေွနဲ့ ထိတွေ့နေထိုင်ဖို့ ပိုမိုခက်ခဲလာပါတယ်။ ဒါကြောင့် Social Mediaနဲ့ ဖုန်းပွတ်နေတာတွေကို ခဏနားပြီး လက်တွေ့ဘဝက ကိုယ့် မိသားစု၊ မိတ်ဆွေသူငယ်ချင်းတေွနဲ့ အချိန်အတူကုန်ဆုံးဖို့ကလည်း အရမ်းလိုအပ်ပြီး အရေးကြီးပါတယ်နော်။

အခုပြောပြသွားတဲ့အချက်တွေက ရိုးရှင်းပြီးလိုက်နာဖို့လွယ်ကူပါတယ်။ ကျွန်မကကိုယ်တိုင်လည်း လူငယ်တစ်ယောက်အနေနဲ့ ဖုန်းနှိပ်တယ်။လိုင်းသုံးတယ်။ လိုင်းသုံးတာဟာ မူးယစ်ဆေးလိုပဲစွဲတတ်ပါတယ်။ စွဲခဲ့ဖူးပါတယ်။ မိုးလင်းတာနဲ့ဖုန်းကောက်ကိုင်မိပြီး ထမင်းစားရင်တောင်လက်ကမချနိုင်တဲ့အထိ ဖုန်းသရဲမလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ရလဒ်ကတော့မိသားစုနဲ့လည်းဝေးလာပြီး ပတ်ဝန်းကျင်ကလည်း ကျွန်မကိုဆက်ဆံရေးကျဲပါးသူ အေးစက်စက်နိုင်သူလို့ထင်လာကြတယ်။ အချိန်တွေကုန်ပြီးအရာလည်းမရောက်၊ ကိုယ့်မှာ အပေါင်းထက် အနှုတ်တွေများလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ ဒီတော့ ပြောင်းလဲဖို့ စကြိုးစားရပါတယ်။ ဖုန်းနှိပ်ချိန်လိုင်းသုံးချိန်ကိုကန့်သတ်လိုက်တယ်။ မိသားစု၊ ညီအစ်အကိုမောင်နှမတွေနဲ့ပို အချိန်ပေးဖြစ်ပါတယ်။ စာဖတ်ဖို့အချိန်တွေလည်းရလာပါတယ်။ အရင်ထက်လည်း အများနဲ့ ဆက်ဆံရေးကောင်းလာပါတယ်။

ဒါကြောင့် ဖုန်းဆိုတာ ကမ္ဘာကြီးမဟုတ်ပါဘူးနော် နေ့စဉ်ဆက်သွယ်မှုတွေအဆင်ပြေဖို့၊ အကျိုးရှိတဲ့အချက် အလက်တွေ ပညာတွေရှာဖွေနိုင်ဖို့၊ အသုံးအဆောင်တစ်ခုပဲဆိုတာမမေ့ကြစေချင်ပါဘူး။ လူငယ်တွေဟာ အတွေးအခေါ်အသစ်တွေ ဆန်းသစ်ဖန်တီးမှုအသစ်တွေ အိုင်ဒီယာအလန်းတွေကို ကြံဆနိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ ဒါကို ဖုန်းတွေ ဆိုရှယ်မီဒီယာတွေနဲ့ပဲ ဘောင်ခတ်မထားပါနဲ့။ ဖုန်းတွေရဲ့အပြင်ဖက်က လက်တွေ့ကျတဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့က ပိုအရေးကြီးပါတယ်။

အခုပြောထားတာတွေနဲ့ ပတ်သတ်ပြီး U-Report Myanmar ကလည်း လူငယ်တွေရဲ့ အမြင်တွေကိုဆွေးနွေးပြီး သတိပေးနှိုးဆော်ချက်တွေ၊ အကြံပေးတာတွေကို လုပ်သွားမှာမှို့  U-Report Myanmar FBpageမှာသွားလေ့လာဖို့အကြံပေးချင်ပါတယ်။ https://www.facebook.com/UReportMyanmar/


ကိုးကား - 

  ယူနီဆက် ဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားသော 5 ways to better mental health online သတင်းဆောင်းပါးကို ဘာသာပြန်မှီငြမ်း၍ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူလသတင်းဆောင်းပါးကိုဖတ်လိုလျှင်

https://www.unicef.org/stories/5-ways-better-mental-health-online တွင်ဖတ်ရှုနိုင်ပါသည်။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo