Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
လူငယ်တွေအတွက် social media သုံးရင် သတိထားသင့်သည့် အချက်(၇) ချက်

လူငယ်တွေအတွက် social media သုံးရင် သတိထားသင့်သည့် အချက်(၇) ချက်

အခုလိုအချိန်က COVID-19 ဒုတိယလှိုင်းကြောင့် လူတိုင်း အိမ်မှာနေနေရသည့် ကာလဖြစ်တဲ့အလျောက် ဒီကာလမှာ ကျွန်တော်အပါအဝင် လူတော်တော်များများက social media ကို ပိုသုံးဖြစ်မယ်ထင်ပါတယ်။ U Report Myanmar ရဲ့ လူငယ့်အသံတွေကို ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဖြေဆိုသူ 74% က Covid19ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိကြသလို 63%သော လူငယ်တွေကလည်း ဒီကာလမှာ အင်တာနက်၊ ဆိုရှယ်မီဒီယာ ကို ပိုအသုံးများတယ်လို့ ဖြေဆိုထားတာတွေ့ရပါတယ်။ ဆိုရှယ်မီဒီယာကို ပုံမှန်ထက် ပိုအသုံးများလာတဲ့အခါ လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော်ကိုယ်တိုင်ခံစားရတဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး သူငယ်ချင်းတို့ သတိထားဆင်ခြင်သင့်သည့် အချက် (7)ချက်ကို မျှဝေလိုက်ပါတယ်။

 

1) ကိုယ့်ကိုယ်ကို သူများတွေနဲ့ မယှဉ်ပါနဲ့။

Social media ပေါ်မှာ ပိန်ပိန်သွယ်သွယ် ပုံတွေ၊ အောင်မြင်မှု ရရှိတဲ့ပုံတွေ ၊ ပျော်ရွှင်နေကြတဲ့ပုံတွေ အစရှိသဖြင့် ပုံလှလှလေးတွေ တွေ့တဲ့အခါ ကိုယ့်ကိုယ်ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူကတော့ ဝိတ်ကျနေပြီ၊အလုပ်အကိုင် လစာတွေလည်း ငါ့ထက်သာနေပြီ၊ သူကတော့ ပျော်ရွှင်နေပြီး ငါကဘာလို့ မပျော်ရတာလဲ၊ ဘာလို့ မလှတာလဲ၊ ဘာလို့ သူတို့လိုမဖြစ်ရတာလဲ ဆိုပြီး မတွေးပါနဲ့။ Online ပေါ်မှာ ပုံတင်တာက သူတို့ရဲ့ ပျော်နေတဲ့ အစိတ်အပိုင်းတစ်ခုကိုပဲ တင်ထားကြတာပါ။ သူတို့ရဲ့ နောက်ကွယ်မှာ ခက်ခဲမှုတွေ၊ စိတ်ညစ်မှုတွေက အနည်းနဲ့အများ ရှိနေကြတာပါပဲ။ ပုံလေးတစ်ပုံအတွက်နဲ့တော့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဖြစ်အောင် မလုပ်မိပါစေနဲ့။

 

2) ဦးနှောက်ထဲကို မလိုအပ်တဲ့အမှိုက်တွေမထည့်ပါနဲ့။

အခုလိုအချိန်မှာ ဖုန်းပဲအသုံးများနေတာဆိုတော့ social media မှာ တင်တဲ့သတင်း အကုန်နီးပါးကို ဖတ်မိကြမှာပဲ။ အချို့စာတွေက ဗဟုသုတရစရာရှိသလို၊ အချို့ စာတွေက သတင်းလည်းမဟုတ် ဗဟုသုတရစရာမရှိတဲ့ စာတွေဆိုရင် အချိန်ကုန်ခံ၊ ဦးနှောက်ကို မလိုအပ်ဘဲ အလေးခံပြီးမဖတ်ပါနဲ့။ Toxic ဖြစ်စေမယ့် post တွေ share နေတဲ့ သူငယ်ချင်းရှိရင်လည်း unfollow လုပ်ထားလိုက်ပါ။ ကိုယ်ကိုယ်တိုင်ကလည်း သတင်းအမှန်မဟုတ်ဘဲနဲ့ share တာမျိုးမလုပ်မိပါ‌စေ နဲ့။ အခုလိုအချိန်မှာ မိမိစိတ်အာဟာရဖြစ်‌စေမယ့် အရာမျိုးတွေနဲ့ ပိုထိတွေ့ကြည့်ပါ (ဥပမာ- ကိုယ်က ဟင်းချက်တာဝါသနာပါဆိုရင် ဟင်းချက်တဲ့ page တွေကို like လုပ်ထားတာမျိုး၊ ကိုယ်နဲ့ဝါသနာတူတဲ့ gp တွေထဲဝင်တာမျိုးလုပ်ပါ)။ အရေးမပါတဲ့ အရာတွေကြောင့် မိမိရဲ့ စိတ်ရော၊ ဦးနှောက်ကိုပါ မကောင်းတဲ့ အတွေးတွေ၊ အမှိုက်တွေမထည့်မိပါစေနဲ့။

 

3) Social media မှာ ခံစားချက်တွေ မတင်ပါနဲ့။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာ၊ သူငယ်ချင်း အချင်းချင်းရန်ဖြစ်တာတွေက အစ social media မှာ post တင်ပြီး ခံစားချက် ပေါက်ကွဲတာ၊စောင်းမြောင်းရေးတာမျိုး မလုပ်သင့်ပါဘူး။

တချို့ခံစားချက်တွေက တင်္ဒဂဖြစ်ပေါ်လာတဲ့ စိတ်ဆိုး၊ စိတ်ညစ်ခံစားချက် တွေသာဖြစ်တယ်။ ကိုယ့်ရဲ့ ပုဂ္ဂလိကဆန်တဲ့ ခံစားချက်တွေကို အများရှေ့ထုတ်မပြသင့်သလို ကိုယ့်ခံစားချက်ကို ထုတ်ပြလိုက်လို့ ကိုယ်လည်း အကျိုးမရှိ၊ သူများတွေအတွက်လည်း အကျိုးမရှိ ဆိုရင် မတင်တာတာ အကောင်းဆုံးပါ။ သမီးရည်းစားကိစ္စတွေမှာလည်း အခုအချိန်က ဝေးနေတာမို့ ခံစားချက်တွေ မတိုက်ဆိုင်ရင်၊ အဆင်မပြေဘူးဆိုရင် ကိုဝေကြီးရဲ့ သီချင်းလိုမျိုး 'ငါတို့ ....အကြောင်းတွေ လိုင်းပေါ်မတင်ပါနဲ့' ဆိုတာလေး သတိရပေးပါ။  Status ရေးတင်ပြီး ပေါက်ကွဲတာက ပြဿနာဖြေရှင်းနည်း အမှန်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ image ကိုပါ ထိခိုက်ပါတယ်။ အပြင်မှာ လူချင်းတွေ့ပြီး ပြဿနာပြေလည်အောင်လုပ်ပါ။

 

4) Cyberbullying မလုပ်ပါနဲ့။

Cyberbullying ဆိုတာ လူမှုမီဒီယာ (သို့) အင်တာနက်ကို အသုံးပြုပြီး အခြားတစ်ယောက်ကို ခြိမ်းခြောက်ခြင်း၊ အရှက်ရစေခြင်း၊ ထိခိုက်နာကျင်စေခြင်းလို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ အပျော်သဘောဖြစ်စေ၊ အပျင်းပြေဖြစ်စေ သူငယ်ချင်းအချင်းချင်း ပုံတွေကို troll လုပ်တာမျိုး၊ body shaming ဖြစ်စေမယ့် comment ပေးမိတာမျိုး၊ တစ်ဖက်သားစိတ်အနှောင့်အယှက် ဖြစ်စေမယ့်အရာတွေ ပြောဆိုတာမျိုး က အွန်လိုင်းကတစ်ဆင့် အနိုင်ကျင့်ခြင်းတစ်မျိုးပါပဲ။ မသိနားမလည်တဲ့သူတစ်ယောက်ကို ရှင်းပြလိုက်တာမျိုးမဟုတ်ဘဲ၊ တစ်ဖက်သားကို လိုတာထက် ဝေဖန် ထောက်ပြတာမျိုး မလုပ်မိပါစေနဲ့။ FB မှာ ပွဲဖြစ်ပြီးဆိုတာ ကိုယ်ကပါ ဝင်ပြီးဆဲတာ၊ ထောက်ခံတာမျိုးတွေရှောင်ပါ။ Celebrity တစ်ယောက် အမှားတစ်ခုလုပ်မိတာနဲ့ ကိုယ်ကျ မမှားဖူးသလိုမျိုး ဝေဖန်တာမလုပ်ပါနဲ့။ ဘယ်သူကမှ အမှားနဲ့မကင်းပါဘူး။ ကိုယ်မပြောလည်း တခြားပြောမယ့်သူတွေရှိပါတယ်။ ကိုယ်ကြောင့် သူများကို မကောင်းတဲ့ အရာတွေ ထပ်မပေးပါနဲ့။ ဒါ့အပြင် မိမိရဲ့ ဓာတ်ပုံတွေကို အသုံးချချင်တဲ့သူတွေက မဖွယ်မရာ ပြန်တင်တတ်တယ်ဆိုတာ ကြားဖူးသလို တကယ်ဖြစ်သွားတဲ့ သာဓကတွေလည်းရှိလို့ အခုလိုအချိန်မှာ ပုံတင်ရင် ပိုပြီးသတိထား‌စေချင်ပါတယ်။ သူများကို Cyberbullyingမလုပ်သင့်သလို ကိုယ်တိုင်လည်း အနိုင်ကျင့်မခံရဖို့ အရေးကြီးပါတယ်။

 

5) မိမိစိတ်ကို အလိုမလိုက်ပါနဲ့။

Online ပေါ်က အဝတ်အစားတွေ၊ အသုံးအဆောင် တွေကို လိုတာထက် ပိုပြီးမဝယ်မိပါစေနဲ့။ ကိုယ့်မှာ ပိုက်ဆံရှိလို့ ဝယ်တာ ကိစ္စမရှိပေမယ့်၊ မရှိတဲ့ သူတွေအတွက် အရမ်းကို အန္တရာယ်များပါတယ်။ ခေတ်ပေါ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေက အမြဲအသစ်တွေထွက်နေတာပါ။ ကိုယ်က အသစ်ထွက်တိုင်း ဟိုဟာလိုချင်တယ်၊ ဒီဟာဝယ်မယ်ဆိုပြီး မိမိစိတ်ကို အလိုမလိုက်မိပါစေနဲ့။ Online ကနေ ပစ္စည်းဝယ်မယ်ဆိုရင်လည်း ကိုယ်ဝယ်မယ့် page ရဲ့မှန်ကန်မှု၊ ပစ္စည်းကောင်းမကောင်းဆိုတာ သေချာစုံစမ်းရပါမယ်။ Pageအတု တွေနဲ့တွေ့ရင် ကိုယ့်ပိုက်ဆံ အလိမ်ခံရနိုင်လို့ online ပေါ်ကနေ ပစ္စည်းအလွန်အကျွံဝယ်တာမျိုး ဆင်ခြင်စေချင်ပါတယ်။

 

6) အရာရာကို လိုက်မခံစားပါနဲ့။

Social media မှာ ကိုယ့်အကြောင်း ဒါမှမဟုတ် ကိုယ်နဲ့ပတ်သက်တဲ့သူရဲ့ အကြောင်း ကောင်းသည်ဖြစ်စေ၊ ‌ဆိုးသည်ဖြစ်စေ တွေ့ရတိုင်း လိုက်မခံစားပါနဲ့။ တောင်ကိုရီးယား အနုပညာရှင်တွေဆို social media မှတ်ချက်တွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေတောင်ရှိပါတယ်။  သူက ငါ့ကိုကျ like မပေးဘူး၊ ဟိုတစ်ယောက်ကျ comment ဝင်ပေးတယ်၊ ငါ့ကိုကျ bd wish မလုပ်ပေးဘူး ဆိုပြီး အဲ့လိုအသေးစိတ်တွေကအစ လိုက်ခံစားခြင်းက တကယ်အဆိပ်ပြင်းပါတယ်။ သူကတော့ ငါ့ကို လိုသုံးလုပ်နေတာ ငါ့ကိုတော့ဂရုမစိုက်ဘူး ဆိုပြီး ပြောကြတာတွေ့မိတယ် တကယ်တော့ ကိုယ်ကလည်း ဘယ်သူ့ကိုမှ control လုပ်လို့မရသလို ဘယ်သူကမှလည်း ကိုယ့်ကိုယ်အချိန်ပြည့် စောင့်ကြည့်ပေးဖို့ တာဝန်မရှိပါဘူး။

 

7) Social media က ဘဝကြီးမဟုတ်ပါဘူး။

Facebook မှာ ရှိတဲ့သူငယ်ချင်းထောင်ကျော်က ကိုယ်တကယ်အရေးကြီး လိုအပ်လာတဲ့အချိန် ကောင်းတာတွေကို လမ်းညွှန်ပြပေးနိုင်သူ‌တွေလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ အပြင်မှာ ကိုယ်တစ်ကယ်ရင်းနှီးတဲ့ သူတွေကို အချိန်ပေးပါ။ မလိုအပ်တဲ့သူတွေကြောင့် ကိုယ့်အချိန်တွေကို မပေးလိုက်ပါနဲ့။ အခုဆို Social media ကို အသုံးပြုပြီး videos, website တွေကနေ ဝင်ငွေရှာလို့ရနေပြီ။ Marketing သမားတွေ၊ online business တွေ၊ online အသုံးပြုပြီး ဝင်ငွေရှာနေကြတဲ့ သူတွေအတွက်တော့ social media က အရေးကြီးပါတယ်။ ကိုယ်က အဲ့လိုမျိုးမဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့အချိန်တွေကို online ပေါ်မှာ မကုန်ဆုံးလိုက်ပါနဲ့။

အခုဝေမျှသွားတဲ့ အချက်တွေက ကျွန်တော်ရဲ့ အတွေ့အကြုံတွေကို ဝေမျှခြင်းသာဖြစ်လို့ သူငယ်ချင်းတို့အတွက်လည်း အကျိုးရှိမယ်လို့ထင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း လိုတာထက်ပိုပြီး social media အသုံးမပြုမိစေဖို့ တိုက်တွန်းလိုက်ပါတယ်။