U-REPORTERS IN MYANMAR
မနောမြေမှ တက္ကသိုလ်ဝင်တန်း အိပ်မက်များ (သို့မဟုတ်) ခွေါန်ဂျာ
March 27, 2019
အားဖြင့် KYAW SI THU HTUN
ထပ်မံဖတ်ရှုရန်

သတင်းနောက်ဆက်တွဲ

သမီးနာမည်က ခွေါန်ဂျာလို့ခေါ်ပါတယ်။ အသက်ကတော့ ၁၆နှစ်ပါ။ အခုဆယ်တန်းတက်နေပါတယ်။

သမီးက နောင်ဂျိန်းရွာကနေ ဒီ camp ထဲက ဘော်ဒါမှာကျောင်းလာတက်တာ။ ၉တန်းအထိက ရွာကကျောင်းမှာပဲတက်လာတာ။ ရွာက ကျောင်းမှာက ဆယ်တန်းအထိရှိတယ်။ ဒါပေမယ့် မနှစ်က ၆လပိုင်းလောက်ကတည်းက အဖေလာပို့လို့ ဒီမှာကျောင်းအိပ်ကျောင်းစား ကျောင်းနေဖြစ်တာပါ။ ဒီမှာနေရတာ သမီးအတွက်အဆင်ပြေတယ်ထင်တာပါပဲ။ စာသင်ရတာလည်း အဆင်ပြေတယ်။ နေထိုင်စားသောက် ရတာလည်း  အဆင်ပြေတယ်။ လွတ်လွတ်လပ်လပ်လည်း စာကျက်လို့ရတယ်။

အခုဆယ်တန်းဖြေဖို့လည်းစာတွေရနေပြီ။ ကျက်ထားတာတွေမေ့သွားမှာစိုးလို့ ခဏခဏတော့ စာပြန်နွေးနေရတယ်။ သမီးက စာကျက်ရင် တစ်ယောက်တည်းပဲကျက်တတ်တယ်။ အများနဲ့ စာစုကျက်ရင် သူတို့က စကားများတော့ သမီးစာ သေချာအာရုံစိုက်ပြီးကျက်လို့မရဘူး။ သမီးက စာကျက်ရင် အခန်းထောင့်လေးမှာပဲကျက်ဖြစ်တယ်။ အဲ့မှာစာလုပ်ရင် စာပိုရတယ်ထင်တယ်။ အဲ့မှာမဟုတ်ဘဲ တခြားနေရာမှာ စာလုပ်ရင် စိတ်ကတခြားရောက်ပြီး အာရုံစိုက်လို့မရလို့ အခန်းထောင့်လေးမှာပဲ တစ်ယောက်တည်းစာကျက်တယ်။ အိပ်မပျော်တဲ့ညတွေဆိုလည်း  စာစီစာကုံးတွေထိုင်ဖတ်တယ်။

အခုတော့ Chemistry ဘာသာကို နည်းနည်းကြောက်တယ်။ Organic အခန်းက အရင်အပတ်ကမှသင်တော့ သိပ်မရသေးဘူး။ ဒီမှာ ဘော်ဒါကျောင်းမှာက စာသင်တာနောက်ကျတာတော့ အခက်အခဲရှိတယ်။ စာမေးပွဲကြီးက နောက်နှစ်ပတ်လောက်ပဲလိုတော့တာဆိုတော့ နီးနေပေမယ့် တချို့ဘာသာရပ်တွေက အခုမှသင်လို့ပြီးတာဆိုတော့ အဲ့ဒါတွေက အခုမှစကျက်ရမှာ။ အဲ့ဒီ့စာမရမှာတော့ စိုးရိမ်တယ်။

သမီးက ရွာမှာတုန်းက အိမ်မှာပဲနေဖြစ်တာများတယ်။ အမေက ရွာထဲလည်တာ မကြိုက်ဘူး။ သမီးမှာက မောင်နှမ ၄ယောက်ရှိတယ်။ မိန်းကလေး၂ယောက်၊ ယောကျာ်းလေး၂ယောက်။ သမီးက အကြီးဆုံး။ ညီမလေးက ဒီနှစ် ၉တန်းတက်နေတယ် မြစ်ကြီးနားက ဘော်ဒါကျောင်းတစ်ခုမှာပဲ။ ရွာမှာတုန်းက ကျန်တဲ့ မောင်နှမတွေက လွတ်လပ်ပေမယ့် သမီးက အကြီးဆုံးမို့လို့ထင်တယ်၊ အိမ်အပြင်သိပ်မထွက်ရဘူး။ အိမ်အလုပ်တွေကူရတယ်။ အဝတ်တွေလျှော်တယ်၊ နေလှန်းတယ်၊ မီးပူတိုက်တယ်၊ ထမင်းဟင်းကူချက် ပေးတယ်။

အမေက ရွာက NGO တစ်ခုက ဝန်ထမ်းတစ်ယောက်ပဲ။ အဖေကတော့ လက်သမားဆရာပါ။ သမီးက ရွာက အိမ်မှာဆိုရင် ကျောင်းကအပြန်ဆို တခါတလေ နေ့ခင်းဘက် တစ်ယောက်တည်း နေဖြစ်တာများတယ်။ အဲ့အခါကျ အဖေ့ရဲ့ စာအုပ်တွေယူဖတ်တယ်။ အဖေက စာအုပ်တွေအရမ်းဝယ်တာ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေ၊ ဝတ္ထုတွေ၊ ပုံပြင်စာအုပ်တွေ၊ စာစီစာကုံးစာအုပ်တွေ အမျိုးစုံပဲ။ အဲ့တော့ သမီးက အားတိုင်း စာအုပ်တွေယူဖတ်တယ်။ စာဖတ်ရတာ ပျော်တယ်။ TV ကတော့ တခါတလေကြည့်တယ်။ ဘာမှလုပ်စရာမရှိရင် ပျင်းတော့ကြည့်ဖြစ်တာပေါ့။ ကိုရီးယားဇာတ်လမ်းတွဲတွေပဲကြည့်တာများတယ်။

Facebook ဆိုတာ ကြားဖူးတော့သိနေတယ်။ အမေလည်း သုံးတယ်။ သူ့ဖုန်းယူကြည့်ရင်တွေ့တယ်။ သမီးလည်း facebook သုံးချင်တယ်။ အဲ့ဒါက သတင်းတွေဖတ်လို့ရတယ်တော့ ပြောကြတယ်။ တခြားသူတွေသုံးတာလည်း မြင်ဖူးတော့ သုံးတော့သုံးကြည့်ချင်တယ်။ သတင်းတွေဖတ်တာအပြင် တခြားဘာလုပ်လို့ရသေးလဲတော့ သမီးလည်း သေချာမသိဘူး။

သမီးကလည်း သူများတွေနဲ့မတူဘူးထင်တယ်။ တစ်ယောက်တည်းနေရတာ ပိုကြိုက်လို့ တစ်ယောက်တည်းပဲနေဖြစ်တာများတယ်။ ဒါပေမယ့် ရယ်စရာကောင်းတာက သမီးက စုံစမ်းရတာတွေ၊ မေးမြန်းရတာတွေ ဝါသနာပါတယ်။ ဒီမှာ (ဘော်ဒါကျောင်း) ဆိုရင် သူများအကြောင်းတွေ လိုက်မေးကြည့်တယ်။ စာအကြောင်းတွေ လိုက်မေးကြည့်တယ်။ စကားတွေ လိုက်ပြောကြည့်တယ်။ ဒါပေမယ့် ဒီမှာက သမီးကို သိပ်စကားမပြောကြဘူး။ သမီးကို သူတို့က သူငယ်ချင်းသိပ်မလုပ်ကြဘူး။ ဒီကို ရောက်ခါစကတော့ ရောဖြစ်ကြသေးတယ်။

သမီးက ဒီ camp ထဲက စစ်ရှောင်ဘော်ဒါကျောင်းမှာလာတက်နေရပေမယ့် စစ်ရှောင်မဟုတ်ဘူး။ သမီးတို့ရွာက စစ်ဖြစ်နေတဲ့ နေရာမဟုတ်ဘူး။ တခါတလေမှ ရွာနား အဝေးကနေပဲ သေနတ်သံလိုမျိုး ကြားရတာ။ အဲ့ဒါကလည်း အရမ်းရှားတယ်။ အဲ့တော့ သူတို့ရွာကနေဒီရောက်ဖို့ ဘယ်လောက်ခက်ခက်ခဲခဲ လာရတယ်ဆိုတာတွေ၊ နောက်ပြီးသူတို့မိသားစုအခြေအနေတွေ၊ အခက်အခဲတွေ ပြောကြရင် သမီးကို အဲ့အကြောင်းတွေ သိပ်နားမလည်လောက်ဘူးထင်လို့ စကားမပြောဖြစ်ကြတာလို့ ထင်တယ်။ နောက်ပြီး သူတို့က အရင်ကတည်းက ဒီကိုရောက်တဲ့အတွက်ကြောင့် သူငယ်ချင်းတွေဖြစ်ပြီးသားဆိုတော့ သမီးကို သိပ်မရင်းနှီးကြဘူးထင်တာပဲ။

ဒီမှာက တခြားစစ်ရှောင်လာသူတွေ အဆောင်နေကြပြီး ကျောင်းတက်နေကြတာဆိုတော့ သူတို့အခက်အခဲတွေအကြောင်း ပြောကြတာတွေ ခဏခဏကြားရတယ်။ အဲ့အခါဆိုရင် သမီးစိတ်ထဲမကောင်းဘူး။ ကြားရတာ အရမ်းဝမ်းနည်းတယ်။ သမီးက အရမ်းကြောက်တတ်တာ။ ရွာနားမှာ သေနတ်သံလိုမျိုးရှားရှားပါးပါးကြားရရင်တောင် ကြောက်လို့ ငိုတာ။ သူတို့နေရာမှာသမီးသာဆိုရင် မတွေးရဲဘူး။ သူတို့ကို အရမ်းကိုယ်ချင်းစာမိတာပဲ။ သူတို့ပြောနေတာတွေ ကိုယ်တိုင်မကြုံတွေ့ရပေမယ့် အရမ်းဝမ်းနည်းတယ်။

သမီး ဆယ်တန်းဖြေပြီးရင် အင်္ဂလိပ်စာသင်တန်းတို့၊ ကွန်ပြူတာသင်တန်းတို့တက်ချင်တယ်။ အင်္ဂလိပ်စာက ငယ်ငယ်လေးကတည်းက သင်ရတာကြိုက်တော့ ဆက်လေ့လာချင်တယ်။ ကွန်ပြူတာက စာတွေထဲဖတ်ရတော့၊ နောက်ပြီး သူများပြောတာတွေကြားဖူးတော့ လေ့လာချင်လို့။ ရွာကိုလည်း ပြန်ချင်တယ်။ ဒါပေမယ့် အဲ့သင်တန်းတွေကတော့ အရမ်းတက်ချင်တယ်။ တက်ဖို့ကတော့ အိမ်က ငွေကြေးအခက်အခဲရှိမယ်ထင်တယ်။

ဒါပေမယ့်လည်း လူတိုင်းမှာတော့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ ရှိကြတာပဲလေ။ သမီးမှာလည်း ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိတယ်။ သမီးက Maths ကြိုက်တယ်။  Phyics ကတော့ အကြိုက်ဆုံးဘာသာရပ်ပဲ။ လျှပ်စစ်နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာတွေဆို သမီးက အရမ်းစိတ်ဝင်စားတာ။ အဲ့ဒါကြောင့်လားမသိဘူး Physics ဘာသာက စာအရဆုံးပဲ။  စာထဲမှာသင်ရတဲ့ Current တွေ၊ Battery ဆက်တာတွေကိုလည်း အပြင်မှာလည်း တကယ်လုပ်ကြည့်ချင်တယ်။ သမီး ဆယ်တန်းပြီးရင် အင်ဂျင်နီယာဖြစ်ချင်တယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အင်ဂျင်နီယာပေါ့။ 

ဆက်စပ်နေသော မေးခွန်းများ

မဆက်စပ်သော မေးခွန်းများ

ဖော်ပြထားသော ဓါတ်ပုံများ


ပတ်သတ်နေသော သတင်းဆောင်းပါးများ

U-REPORTER တစ်ယောက်ရဲ့ ရက်၁၀၀၀ ခရီး...
ထပ်မံဖတ်ရှုရန် →