Poll Results Stories U-Report အေၾကာင္း Engagement U-Talk Videos Join Now
STORY
U-Reporter တစ်ယောက်ရဲ့ ရက် ၁၀၀၀ ခရီး...

ဒီလ၊ မေလ ၁၅ရက်နေ့ဟာ U-Report Myanmar တရားဝင် ပေါ်ပေါက်လာခဲ့တာ ရက် ၁၀၀၀ ပြည့်ခဲ့ပါပြီ။


        U-Report ရဲ့ လူငယ်အဖွဲ့ဝင် စေတနာ့ဝန်ထမ်း အဖြစ်လုပ်လာတာကတော့ ရက်၁၀၀၀ မကတော့ပါဘူး။ ပြောင်းလဲမှုပေါင်း၊ သင်ခန်းစာပေါင်းလည်း ၁၀၀၀ မကရှိခဲ့ပါပြီ။ ဟိုး ၂၀၁၅ ဒီဇင်ဘာလက စတင်လှုပ်ရှားပါဝင်ခဲ့တဲ့ ဘာမသိညာမသိ လူကြောက်တတ်တဲ့ ကျောင်းသားလေးတစ်ယောက်ကနေ အခုဆို စင်ပေါ်တွေတက်၊ လူတွေနဲ့ စကားပြော၊ ခရီးတကာထွက်နဲ့ ဖလန်းဖလန်းလူငယ်တစ်ယောက်တောင်ဖြစ်နေပြီ။ စေတနာ့ဝန်ထမ်း လုပ်တယ်ဆိုတာကလည်း အများအမြင်မှာ ပျော်စရာကြီး၊ ခရီးတွေသွားလိုက် ဘာလိုက်နဲ့ အေးဆေးပဲထင်နေပေမယ့် U-Report ကတော့ လူငယ်တွေအတွက်အရေးကြီးတဲ့ကိစ္စရပ်တွေ၊ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကလေးသူငယ်နဲ့ လူငယ်အခွင့်အရေးအသိပညာပေးလုပ်ငန်းစဉ်တွေကို လူငယ်တွေ ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်နေရလို့ တကယ်တမ်းနောက်ကွယ်မှာ ဘယ်လို ကြိုးစားရုန်းကန်နေရတယ်၊ သင်ယူနေရတယ်၊ စေတနာ့ဝန်ထမ်း ဆိုပေမယ့်လည်း ဘယ်လိုတွေပင်ပင်ပန်းပန်းလုပ်နေရလဲဆိုတာ ကြုံဖူး လုပ်ဖူးမှပဲ သိကြမှာ။ ပျော်စရာတွေလည်း ရှိသလို၊ စိတ်ဖိစီးရတဲ့အချိန်တွေလည်း တပုံကြီးပဲ။ အဲ့လိုနဲ့ စေတနာ့ဝန်ထမ်း ဝင်လုပ်ရင်း ကိုယ်ကိုယ်တိုင် အများကြီးပြောင်းလဲလာတာကို သတိထားမိလာတယ်။


            မှတ်မှတ်ရရဖြစ်ရပ်ဆိုရင် ၂၀၁၇တုန်းကပေါ့၊ နှစ်ကုန်ခါနီး နောက်ဆုံးသုံးလမှာ မှတ်မှတ်ရရ စာမေးပွဲ ဖြေရတဲ့ ဘာသာရယ်၊ ကျန်တဲ့ စာတမ်းထပ်ရမယ့်ဘာသာတွေရယ်နဲ့ ကျောင်းစာတွေ စပုံလာတဲ့အချိန်။ ဖြစ်ချင်တော့လည်း U-Report လုပ်ငန်းပိုင်းဆိုင်ရာ လှုပ်ရှားရမှာတွေက ဆက်တိုက်။ လုပ်လိုက်တဲ့ U-Report မိတ်ဆက်ပွဲတွေ၊ ဆွေးနွေးပွဲတွေဆိုတာလည်း အနည်းဆုံးတော့ လူရာကျော်လာမယ့် ပွဲအကြီးကြီးတွေချည်းပဲ။ တက္ကသိုလ်ကျောင်းသူကျောင်းသားအရွယ် လူငယ်တွေက ဦးဆောင်လုပ်ကိုင်နေကြတော့ အစည်းအဝေးတွေဆိုတာလည်း အဖွဲ့ဝင်သူငယ်ချင်းတွေရဲ့ အိမ်တွေမှာပဲ အားလုံးအချိန်ရကြတဲ့ညဘက်တွေချည်းစုပြီး လုပ်ဖြစ်ကြတာ ညစဉ်ရက်ဆက်။ လုပ်ငန်းကိစ္စတွေအတွက် အစည်းအဝေးထိုင်ဆွေးနွေးရတာကြောင့် တခါတလေ ကျောင်းတောင်ပျက်တယ်။ ဒါတောင် စေတနာ့ဝန်ထမ်း လုပ်နေတာမို့လို့သာပဲ။ ခရီးကလည်း နေပြည်တော်မှာဆို လွှတ်တော်အမတ်တွေနဲ့ လူငယ်တွေစကားဝိုင်းတွေ့ဆုံဆွေးနွေးပွဲရယ်၊ တောင်ကြီးဆို တက္ကသိုလ်ကြီးနှစ်ခုမှာလုပ်တဲ့ U-Report မိတ်ဆက်ပွဲ၊ ကြားထဲက စုပေါင်းလှုပ်ရှားမှု(Campaign)တွေ၊ တီဗီတွေ ရေဒီယိုတွေမှာ စကားပြော အသံလွှင့်အစီအစဉ်တွေမှာ ပါဝင်ရတာတွေရယ်နဲ့ နီးကပ်နေတဲ့ ကျောင်းက စာတမ်းထပ်ရမှာတွေအတွက် အချိန်လု အချိန်ဖယ်ပြီး တောက်လျှောက် မပါမဖြစ်လိုက်ခဲ့ပါသေးတယ်။ သူငယ်ချင်းတွေနဲ့ ပျော်စရာရှိတာလည်း ပျော်တာပဲ။ အဲ့လိုတွေပြောလို့ စာမလုပ်ဘဲ အလေလိုက်တာပါ၊ ဂရုမစိုက်တာပါဆိုတော့လည်း အဲ့လိုလည်းမဟုတ်၊ စေတနာ့ဝန်ထမ်း အလုပ်နဲ့ ခရီးတွေသွားရင်း အချိန်ရရင် ရသလို စာလုပ်ရပါတယ်။ တက်နေတာက ပုဂ္ဂလိကတက္ကသိုလ်ဆိုတော့ ကျက်ဖြေရတဲ့ စနစ်မဟုတ်တာကြောင့် စာမေးပွဲအတွက်ဆိုလည်း စာတွေ အသည်းအသန်ဖတ်ရတာပဲ။ မှီငြမ်းကိုးကားချက်တွေအတွက်လည်း စာတွေဖတ်လိုက်ရတာဆိုတာ။ စာတမ်းထပ်ရမယ့် ဘာသာရပ်ကလည်း မြန်မာပြည်နဲ့မဆိုင်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Brexit အကြောင်း။ ဒါသင် ဒါဖြေမဟုတ်တော့ သင်ထားတာတွေဆိုတာလည်း သီအိုရီအရ လေ့လာတီးခေါက်မိရုံလောက်ပဲ၊ ကျန်တာ ကိုယ့်လေ့လာမှုအပေါ်ပဲမူတည်ပါတယ်။ ဒါတောင် တချက်လေး ပင်ပန်းလိုက်တာ မညည်းဘဲ ခရီးတွေလိုက် ပွဲတွေပါစရာရှိတာပါခဲ့ပြီး ကိုယ့်ဘာသာကိုယ်လည်း လုပ်စရာရှိတာလုပ်တယ်၊ ရေးစရာရှိတာရေးတယ်။ အချိန်ရရင်ရသလိုလုပ်တာပါပဲ။ နောက်တော့ အချိန်မှီ ထပ်စရာရှိတာ အကုန်ထပ်ပြီးပြီ။ စာတမ်းရေးထားတာတွေ၊ စာမေးပွဲတွေ အမှတ်လည်း ထွက်လာတယ်။ ထင်ထားတာထက် အမှတ်များတော့ အတိုင်းထက်အလွန် ကျေနပ်မိတယ်။ 


                    ပြောချင်တာက ကိုယ့်ရဲ့ စေတနာ့ဝန်ထမ်း အတွေ့အကြုံ က ကိုယ့်ရဲ့ အချိန်ကို စနစ်တကျစီမံနိုင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတို့ကို မြှင့်ပေးလိုက်တာပါပဲ။ နောက်ပြီး တော်ရုံ စိတ်ဖိစီးမှု ဆိုရင် ထမင်းစားရေသောက်လို ခံနိုင်ရည်ရှိလာတယ်။ စာတွေလုပ်ရတာကတစ်မျိုး၊ စေတနာ့ဝန်ထမ်း လုပ်ရတာကတစ်မျိုးနဲ့ စိတ်ဖိစီးမှု ပိတာလည်း ခံခဲ့ရတယ်။ မိဘတွေ ဆူပြောတာလည်း ကြုံခဲ့ရတယ်။ ဒါပေမယ့် ကိုယ်စေတနာ့ဝန်ထမ်းလုပ်နေရလို့ဆိုပြီး အပြစ်တင်တဲ့ စိတ်ထားမျိုးမထားခဲ့ဘူး။ ကိုယ်လုပ်စရာရှိတာတော့ အချိန်မှီ အချိန်မှန်ပြီးအောင်လုပ်တယ်။ မပြီးခဲ့ရင်လည်း တာဝန်ယူတတ်လာတယ်။ ဒါကလည်း ကိုယ် စေတနာ့ဝန်ထမ်း လုပ်မှ ယူတတ်လာတဲ့ သင်ခန်းစာတစ်ခုပါ။ ကိုယ်ဘာပဲဖြစ်နေဖြစ်နေ ကိုယ်လုပ်မယ်ပြောပြီး တာဝန်ယူထားရင်တော့ အဆုံးတိုင် တာဝန်ယူရဲတတ်လာတယ်။ မလုပ်နိုင်ဘူးထင်ရင်၊ အကြောင်းတိုက်ဆိုင်လို့ မပါနိုင်ဘူးဆုံးဖြတ်ထားရင် အစကတည်းက မပါဘူး ပြတ်ပြတ်သားသားပြောတတ်လာတယ်။ နောက်ပြီး စေတနာ့ဝန်ထမ်း လုပ်တယ်ဆိုတာ တခါတလေ ကိုယ့်ဘက်ကအနစ်နာခံရတာပေါ့။ ကိုယ့်ဘက်က ဒီလိုမျိုး စေတနာ့ဝန်ထမ်း လုပ်နေရတဲ့အတွက် ကိုယ့်ရဲ့တခြားတခုခု၊ ကိစ္စတခုကို အနစ်နာခံ၊ အဆုံးရှုံးခံရတဲ့ အချိန်တွေလည်း ကြုံရတာပါပဲ။ ဘာလိုပဲဖြစ်ဖြစ် စေတနာ့ဝန်ထမ်း ဝင်လုပ်တယ်ဆိုတာလည်း လူတစ်ယောက်ကို အများကြီးပြောင်းလဲပေးနိုင် သင်ပေးနိုင်တာပါပဲ။


            ဒါပေမယ့်လည်း ထပ်တွေးမိတာက စေတနာ့ဝန်ထမ်း လုပ်နေလို့ ကိုယ်ဘာတိုးတက်လာလဲ ကိုယ်ဘာပြောင်းလဲလာလဲဆိုတာကလည်း လူအပေါ်ပဲမူတည်မယ်ထင်တယ်။ ကိုယ်ပိုင်အရည်အချင်းတွေတိုးတက်လာမယ်၊ အလုပ်လုပ်နေရသလို အတွေ့အကြုံ အသစ်တွေရမယ်၊ သူငယ်ချင်းမိတ်ဆွေအသစ်တွေရမယ် ဆိုတာကလည်း ယူတတ်တဲ့သူမှ ရတာပါ။ အခုထက်ထိ သိတဲ့သူတချို့ဆို တခုခုဆို မေးထူးခေါ်ပြောသာမန်ပါပဲ၊ ထူးထူးခြားခြား တိုးတက်လာတာလည်း မတွေ့ရဘူး။ ကိုယ်က ဦးဆောင်ခေါင်းဆောင်တာမျိုးလည်း မလုပ်တတ်ဘူး၊ တခုခုဆို သူများပြောမှ ထောက်ပြမှ လုပ်တတ်ကိုင်တတ်နေတုန်းပဲ။ သူငယ်ချင်းဆိုလည်း ကိုယ်တွေက စေတနာ့ဝန်ထမ်းဝင်လုပ်ရင်းမှ မိသားစုလိုတွေဖြစ်၊ ညအိပ်ညနေစုကြ၊ မုန့်လုပ်စားကြ၊ အပျော်ခရီးတွေအတူသွားကြနဲ့၊ တချို့ကျတော့လည်း ကိုယ် စေတနာ့ဝန်ထမ်း လုပ်နေတဲ့ အဖွဲ့ဝင်အချင်းချင်းတောင် မသိကြ၊ မမိတ်ဆက်ကြတွေ ရှိကြတယ်။ တချို့ဆိုလည်း သူတို့က ဘာမှ မစိုက်ထုတ်ပေးချင်ဘဲ ကိုယ်ကျိုးရဖို့သက်သက်ပဲ ဟန်ပြ စေတနာ့ဝန်ထမ်း လုပ်ကြတယ်။ မရနိုင်မှန်းလည်း သိရော ဟန်ဆောင်ပန်ဆောင်တောင်နှုတ်မဆက်နိုင်ဘဲ ထွက်သွားကြတာတွေလည်း ရှိတယ်။ ကိုယ်ကျိုးမမျှော်ရဘူးလား ဆိုတော့လည်း မျှော်လို့ရပါတယ်။ လူဆိုတာ အတ္တနဲ့ ပရကတော့ မျှသင့်တာပဲလေ။ ဒါပေမယ့် ကိုယ်က အများကောင်းကျိုးအတွက် မလုပ်ချင် ကိုယ်ကချည်းပဲ လိုချင်ယူချင်နေတာတော့မဖြစ်သင့်ဘူးထင်တယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ အခုငယ်တုန်းရွယ်တုန်းကတည်းက အဲ့လိုစိတ်နဲ့ဆိုရင် ကြီးလာရင်တော့ ဒုက္ခပဲဆိုပြီး လူငယ်အချင်းချင်းတောင် ရင်လေးမိတယ်။ သနားမိတယ်။ 


                အဲ့လိုပြောကြကြေးဆို ကိုယ်လည်း စေတနာ့ဝန်ထမ်း လုပ်တာပဲ။ စေတနာ့ဝန်ထမ်းလုပ်တာမှ အခုဒီ U-Report ကို စလုံးရေးစကတည်းက ပါခဲ့တဲ့သူ။ ကိုယ်သာ ကိုယ်ကျိုးမျှော်ကိုးသူဆိုရင် ကိုယ့်အကြောင်းကိုယ်သိတော့ အခုချိန်မှာဆို ဘာမှမရသေးလို့ သွက်သွက်ခါအောင် ရှုးနေလောက်ပြီထင်တယ်။ တကယ်တော့ ကိုယ့်အတွက် မသိသေးတာတွေ သင်ယူနေတယ်၊ လေ့လာနေတယ်။ ဒါတွေကမှ တကယ်ကိုယ်ရသင့်ရထိုက်တာတွေလို့ပဲ မှတ်ယူထားတယ်။ ကိုယ်ဆို စလုပ်ခါစက တခြား စေတနာ့ဝန်ထမ်း လုပ်နေတဲ့သူတွေ၊ တကယ်တော်တဲ့ လူငယ်တွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တဲ့ အညတရ။ တခါမှမလုပ်ဖူး၊ မပါဖူးတော့ စေတနာ့ဝန်ထမ်း လုပ်ရပြီဆိုတာကိုပျော်နေတာ၊ တော်တာ တတ်တာလည်း ဘာမှမရှိဘူး။ စေတနာ့ဝန်ထမ်း လုပ်ရင်းနဲ့မှ မသိတာတွေသိလာရတယ်၊ သူများကို ဦးဆောင်ခေါင်းဆောင်လာနိုင်တယ်။ သူများကို ခေါင်းဆောင်နိုင်သလို လိုအပ်ရင်လည်း နောက်လိုက်ကောင်းတစ်ယောက်လည်း ဖြစ်နိုင်တယ်။ အချိန်ကို စနစ်တကျစီမံနိုင်တာကတော့ စေတနာ့ဝန်ထမ်း လုပ်ရင်း ကျောင်းတက်ရင်း အချိန်လုရင်းနဲ့ အခုဆို ဘွဲ့တောင် ရအောင်ယူနိုင်ပြီ။ အလုပ်တွေကို တစ်ပြိုင်နက်ထဲ စီမံလုပ်ဆောင်နိုင်တာတွေ (Multi-Tasking)၊ နည်းဗျူဟာကျကျစဉ်းစားစီစဉ်တာတွေ (strategic planning) ရော တတ်လာခဲ့တယ်။ လုပ်ငန်းခွင်ထဲ တကယ်မဝင်ရသေးတောင် လုပ်ငန်းခွင်သဘောသဘာဝကို နားလည်လာပြီ။ အလုပ်ရုံဆွေးနွေးပွဲတွေဆို ဦးဆောင်ပြီး ပွဲအစီအစဉ်တွေ ရေးဆွဲတတ်လာ၊ ဦးဆောင်ဆွေးနွေးလာနိုင်ခဲ့ပြီ။ U-Report နဲ့တွဲပြီး အလုပ်လုပ်နေတဲ့ ယူနီဆက်ဖ် (UNICEF) ဖက်က တာဝန်ခံအမဆိုလည်း စလုပ်ကတည်းက အခုချိန်ထိ ကိုယ့်ကို ယုံကြည်ပြီးလုပ်ခိုင်းတယ်။ လမ်းညွှန်မှုပဲပေးပြီး အသေးစိတ် လိုက်ပြောပြနေတာတော့ မရှိဘူး။ အဲ့ဒီတော့ လုပ်ကြည့်တယ်၊ မှားတယ်မလား မှန်အောင် ပြန်လုပ်ကြည့်ရတယ်၊ အစက နားမလည်ဘူး၊ လုပ်ရင်းနဲ့ နားလည်လာတယ်၊ လုပ်ရင်းကိုင်ရင်းနဲ့မှ သင်ယူရတယ်၊ မပြောဘဲ ကိုယ်တိုင် စတင်ဦးဆောင်ပြီး လုပ်ရတယ်ဆိုတော့ ကိုယ်က တခုခုဆို လုပ်ရဲလာတယ်၊ သူများပြောမှ၊ ခိုင်းမှလုပ်ရမှာ ရှက်လာတယ်၊ တခုခုဆို ကိုယ့်ဖက်က စပြီး အလုပ်လုပ်ဖြစ်လာတယ်၊ မှားရင်လည်း မှားတာကို လက်ခံပြီး ပြင်တတ်လာတယ်။ ပြောရဲဆိုရဲ၊ ပြောတတ်ဆိုတတ်လာတယ်။ လူတွေကို အကဲခတ်တတ်လာတယ်။ တစ်ခုခုဆို မလုပ်ခင် မပြောခင် စဉ်းစားဆင်ခြင်တတ်လာတယ်။ နောက်ပြီး ကိုယ်အရင်က မထင်မိ မတွေးမိတဲ့ ကိုယ် မသိသေးတဲ့အရည်အချင်းတွေ၊ ဝါသနာအရင်းခံတွေသိလာပြီ။ အခုထိတော့ ကိုယ်ဟာ တော်တယ်၊ တတ်တယ် မဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲရင့်ကျက်လာတယ်။ အခုနေလည်း တစ်ယောက်ယောက်က ကိုယ့်ကို ဘာတွေဘယ်လိုအောင်မြင်နေပါပြီလဲ၊ ဘာတွေလုပ်နေလဲ လာမေးရင်တောင် ကိုယ်ဟာ ဖြေလို့ပြောလို့ မရသေးတဲ့ ကြိုးစားရုန်းကန်နေဆဲ သာမန် လူငယ်တစ်ယောက်ပါပဲ။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လုပ်ရင်း ကိုယ့်ကိုယ်ကို သင်ပေး ပြောင်းလဲပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုတော့ အရင် စေတနာ့ဝန်ထမ်း မလုပ်ခင်ကထက်စာရင် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ယုံကြည်တယ်။ စေတနာ့ဝန်ထမ်း ဆိုပေမယ့်လည်း ကိုယ်အတွက် တိုးတက်ရာတိုးတက်ကြောင်း သင်ယူနေတာပဲ၊ တစ်ခုခုကောင်းတာဖြစ်ဖို့ ကိုယ်ပါဝင်ကူညီပေးနေတာဆိုပြီး ကိုယ်ကျိုးရဖို့ဘာညာ ''မျှော်လင့်ချက်တစ်စုံတစ်ရာမပါဝင်’’ဘဲ စိတ်နှစ်ပြီး စိတ်သန့်သန့်နဲ့ လုပ်ခဲ့တယ်။ လုပ်နေဆဲပဲ။


                ကိုယ်ကျိုးအမြတ်အတွက်မမျှော်လင့်လေလေ ကိုယ့်အတွက်အကျိုးရှိလေလေဆိုတာလည်း ကိုယ်တွေ့ပါပဲ။ ဥပမာ - ခရီးသွားတာလေးတွေပါ။ ခရီးသွားတောင်မှ မိသားစုတို့၊ သူငယ်ချင်းတို့နဲ့သွားတာထက် အများကြီး ပျော်စရာကောင်းပါတယ်။ ပုံမှန်ဆို ရောက်ခဲတဲ့ နေရာတွေ၊ တကူးတကကြီးသွားမှ ရောက်ဖြစ်မယ့် ဒေသတွေကို ရောက်ဖြစ်တယ်။ အဲ့ဒါကိုက ကိုယ့်အတွက် အမြတ်တစ်ခုပါပဲ။ မှတ်မှတ်ရရအနေနဲ့ဆိုရင် မြစ်ကြီးနားမြို့ကို သွားခဲ့တဲ့ အမှတ်တရပါပဲ။ ရန်ကုန်ကနေ မိုင်ပေါင်း ၁၀၀၀ ကျော်ကွာဝေးတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး သူငယ်ချင်းတွေရလာလိမ့်မယ်လို့တောင် အရင်က တစ်ခါမှမတွေးခဲ့ဖူးဘူး။ ရောက်သွားတာတောင် ရိုးရိုး အလည်အပတ်လေ့လာရုံရောက်ခဲ့တာမဟုတ်ပါဘူး၊ မြို့အနီးအနားမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွင်းက လူငယ်တွေကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေကို အဲ့မှာနေနေကြတဲ့လူငယ်တွေကိုယ်တိုင်နဲ့ ဝိုင်းဖွဲ့ဆွေးနွေးဖို့ U-Report အဖွဲ့နဲ့အတူသွားခဲ့တာပါ။ သူတို့နဲ့စကားလက်ဆုံကျခဲ့ကြတယ်။ သူငယ်ချင်းတွေအနေနဲ့လည်း ခင်မင်ရင်းနှီးလာခဲ့ကြတယ်။ Facebook ကျေးဇူးကြောင့် အခုထိလည်း အဆက်အသွယ်မပြတ်။ အဲ့က သူငယ်ချင်းတွေကလည်းအရမ်းဖော်ရွေတာမှ ကချင်ဟင်းတွေ ညစာချက်ကျွေးကြတယ်။ ဝိုင်းဖွဲ့ဆွေးနွေးပွဲတွေအပြီး အားလုံးပင်ပင်ပန်းပန်းနဲ့ (U-Report အဖွဲ့သားတွေရော ကချင်သူငယ်ချင်းတွေရော) အတူတူ ထမင်းလက်ဆုံစားခဲ့ကြတဲ့ စစ်ရှောင်စခန်းထဲက Dinner ညလေးကိုတော့ တစ်သက်လုံး အမှတ်ရဖြစ်နေမိတယ်ထင်တယ်။ ဒီလိုအမှတ်တရတွေက ပိုက်ဆံပေးဝယ်လို့လည်း မရသလို တန်ဖိုးဖြတ်လို့လည်းမရတဲ့ စေတနာ့ဝန်ထမ်းလုပ်ခြင်းရဲ့ အကျိုးအမြတ်တွေလို့ လက်ခံမိတယ်။ စေတနာ့ဝန်ထမ်းတစ်ယောက်ရဲ့ ကိုယ်ကျိုးအမြတ်ဆိုတာ တခါတလေတော့လည်း ငွေကြေးဥစ္စာတွေမဟုတ်နေဘဲ အခုလို ခရီးအတွေ့အကြုံတွေ၊ အလုပ်အတွေ့အကြုံတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေပါပဲ။ 


                အပိုဆောင်းအနေနဲ့ကတော့ ဘာပဲလုပ်လုပ် ဘာအခက်အခဲပဲ ကြုံကြုံ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မ ရှိရှိနဲ့လုပ်တတ်တဲ့ စိတ်ဓာတ်ရှိလာတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကမ္ဘာ့ကလေးသူငယ်များနေ့အထိမ်းအမှတ်အနေနဲ့ U-Report က နေပြည်တော် ပြည်ထောင်စုလွှတ်တော်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် လူငယ်တွေကိုယ်တိုင်ဦးစီးကျင်းပတဲ့ ပွဲတစ်ခုသွားရောက်ကျင်းပခဲ့ပါတယ်။ အဲ့ပွဲမှာ စတိတ်စင်ပေါ်မှာ မြန်မာနိုင်ငံက ကလေးသူငယ်တွေနဲ့လူငယ်တွေကိုကိုယ်စားပြုပြီးတော့ လွှတ်တော်အမတ်များနဲ့အတူ ကလေးငယ်များနဲ့ အမျိုးသမီးများအကြမ်းဖက်ခံရမှု၊ ကျောင်းပြင်ပရောက်ကလေးငယ်တွေ စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ စင်အောက်မှာလည်း လွှတ်တော်အမတ်တွေနဲ့တခြား ဌာနဆိုင်ရာဧည့်သည်များစွာ ကြည့်နေနားထောင်နေကြတာပါ။ အဲ့မှာရရှိလာရတဲ့ စကားပြောစွမ်းရည်တွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာတွေကတော့ တစ်သက်လုံး အသုံးဝင်နေမယ့် တိုးတက်ပြောင်းလဲမှုတွေပါ။


                ဒါတင်မဟုတ်သေးဘဲ ကိုယ်စိတ်အားထက်သန်တဲ့၊ ဝါသနာအစစ်အမှန်ဖြစ်တဲ့ ကိုယ့် ဝါသနာအရင်းခံကို ကိုယ်ကိုယ်တိုင်စေတနာ့ဝန်ထမ်းလုပ်ရင်း ရှာဖွေတွေ့ရှိသွားတာကတော့ ကျနော့်အတွက် တကယ့် စေတနာအကျိုးပေး အကျိုးအမြတ်တစ်ခုပါပဲ။ U-Report မှာ မီဒီယာအပိုင်း အထူးသဖြင့် ဆိုရှယ်မီဒီယာကို အဓိကတာဝန်ယူပြီး လုပ်ဆောင်နေရင်းနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေအတွက် မီဒီယာနည်းစနစ်တွေရဲ့ အရေးပါအသုံးဝင်ပုံကို လေ့လာမိခဲ့ရတယ်။ ကိုယ်ဝါသနာ တကယ်ပါပြီး တကယ်လုပ်ချင်တာ မီဒီယာနယ်ပယ်ဆိုတာလည်း သိလာရတယ်။ ပုဂ္ဂလိကတက္ကသိုလ်တုန်းက စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်တက်ရောက်ခဲ့ပေမယ့် ဝါသနာအရင်းခံကို စေတနာ့ဝန်ထမ်း လုပ်ရင်းကိုင်ရင်း သင်ယူတွေ့ရှိမိတယ်။ အဲ့ဒီ့ မီဒီယာနယ်ပယ်ကိုပဲ ပညာရေးအတွက်ရော အသက်မွေးဝမ်းကြောင်းအတွက်ရော ဆက်လက်လေ့လာလုပ်ကိုင်သွားဖို့အထိလည်း ရည်ရွယ်ပြီး ပြင်ဆင်နေပါပြီ။


                    အခု U-Report မှာလည်း မီဒီယာတာဝန်ခံအဖြစ် တာဝန်ယူနေပါတယ်။ အခုထိလည်း မှားနေဆဲ၊ သင်ယူနေဆဲ စေတနာ့ဝန်ထမ်း တစ်ယောက်ပါပဲ။ အဖွဲ့မှာ အရေးအပါဆုံးတို့၊ မရှိမဖြစ်တို့ဆိုတာမျိုးမဟုတ်ပေမယ့်လည်း အတိုင်းအတာတစ်ခုထိတော့ ကိုယ့်ရဲ့ ပါဝင်လှုပ်ရှားခဲ့တာတွေ၊ တည့်မတ်ပေးခဲ့တာတွေ၊ အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်မှုရဲ့ရလဒ်တွေက U-Report မှာ အခြေခံအုတ်မြစ်တစ်ခုအနေနဲ့တော့ ရှိနေပါတယ်။ ကိုယ့်အနေနဲ့ အတိုင်းအတာတစ်ခုအထိ ပါဝင်လှုပ်ရှားခဲ့ပြီးပြီဆိုတော့ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ U-Report ကနေ နောက် မျိုးဆက်သစ် ဂျူနီယာစေတနာ့ဝန်ထမ်းအဖွဲ့ဝင်တွေကို လက်လွှဲတာဝန်ပေးသင့်ပြီဆိုလို့ အခုနေထွက်သွားရမယ်ဆိုရင်တောင် ကိုယ်က စေတနာသန့်သန့်နဲ့ စေတနာ့ဝန်ထမ်း လုပ်ခဲ့တာမို့လို့ ကိုယ့်ထုံးစံအတိုင်း နောင်တမရဘဲ၊ တခြားစေတနာ့ဝန်ထမ်း အဖွဲ့ဝင်တွေနဲ့လည်း အခင်အမင်လုံးဝမပျက်ဘဲ ပြုံးပြုံးလေးနှုတ်ဆက်ထွက်သွားဖို့လည်း အဆင်သင့်ပါပဲ။


                    တကယ်တော့ စေတနာ့ဝန်ထမ်း ဆိုတဲ့ အဓိပ္ပါယ်ကိုက စေတနာ့ဝန်ထမ်းလေ။ ဘယ်ကိစ္စမဆို ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် စေတနာနဲ့ လုပ်ပေးလို့ စေတနာ့ဝန်ထမ်းခေါ်တာပေါ့။ အဲ့တော့ စေတနာ့ဝန်ထမ်း ဝင်လုပ်သူအားလုံးကလည်း ကိုယ်ကျိုးစီးပွားရဖို့ကို ခဏဘေးဖယ်ပြီးတော့ အများကောင်းကျိုးအတွက်၊ ပတ်ဝန်းကျင်ကောင်းကျိုးအတွက် စေတနာသန့်သန့်လေးနဲ့ ပါဝင်ကူညီလုပ်ဆောင်ကြရင် ကိုယ့်အတွက် သင်ယူလေ့လာလို့ရတာတွေလည်း သင်ယူရင်း၊ အများကောင်းကျိုးအတွက်လုပ်ရင်းနဲ့လည်း ကုသိုလ်ယူကြရရင် စေတနာ့ဝန်ထမ်း လူငယ်တွေအနေနဲ့လည်း နောက်လုပ်ငန်းခွင်ဝင်ရင်၊ နောက်လူကြီးဖြစ်လာရင် ကိုယ်ပိုင်အရည်အချင်းတွေ၊ ခေါင်းဆောင်နိုင်မှုအရည်အသွေး (Leadership Skill) တွေနဲ့ ပြည့်ဝနေတဲ့ လူတော်လူကောင်းတွေဖြစ်လာမယ်လို့ ထင်မိ ယုံကြည်မိပါတယ်။ 


            ဘာလိုလိုနဲ့ ကိုယ်တိုင် ပါဝင်စတင်ခဲ့တဲ့ U-Report Myanmar လူငယ်အစီအစဉ်တောင် တရားဝင်ပေါ်ပေါက်လာခဲ့တာ ရက်ပေါင်း ၁၀၀၀ ပြည့်ခဲ့ပါပြီ။ ပြောင်းလဲခဲ့တာတွေ၊ သင်ယူခဲ့တာတွေလည်း ၁၀၀၀ မက ရှိနေပါပြီ။ ရှေ့ဆက်ပြီး ဘဝမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ မသိနိုင်ပေမယ့် U-Report ရဲ့ ရက်၁၀၀၀ အတွင်းမှာ ရခဲ့တဲ့ စေတနာ့ဝန်ထမ်း အတွေ့အကြုံတွေ၊ သင်ခန်းစာတွေနဲ့ပေါင်းပြီး ဘဝရဲ့ နောက်ထပ်ရက်စွဲထောင်ပေါင်းများစွာကို ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ...။

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT